
AB News – သြဂုတ် ၆ ၊ ၂၀၂၅
ချန်ဒြာ
အကြမ်းဖက် စစ်ကောင်စီအဖွဲ့ ထိန်းချုပ်ထားဆဲ ဖြစ်သည့် ရက္ခိုင်ပြည် စစ်တွေမြို့တွင် အစာရေစာပြတ်လပ်မှုဒဏ်ကြောင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သူများ ထပ်မံတိုးလာနေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့က စစ်တွေမြို့တွင် အစာရေစာပြတ်လပ်ပြီး ငတ်မွက်မှုဒဏ်ကို မခံနိုင်၍ ၁ ရက်တည်းတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး မိမိကိုယ်ကို ကြိုဆွဲချ အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ ၄၈ နှစ်အရွယ် ဦးအေးသန်းမောင် နှင့် ရွာကြီးမြောက်ရပ်ကွက်မှ မင်္ဂလာညွှန့်ဘုန်းကြီးကျောင်းတွင်နေထိုင်သူ ဒေါ်စောသန်းအေးတို့ဖြစ်ကြသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က စစ်တွေမြို့၊ မင်းဂံရပ်ကွက် (၁၁) မှ မိသားစု ၅ ဦးမှာ ငတ်မွတ်မှုဒဏ်ကို မခံနိုင်တော့၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြသည်ဟု သိရသည်။
စစ်တွေမြို့တွင် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ ဆက်သွယ်ရေးလိုင်းများကို စစ်ကောင်စီက ပြတ်တောက်ထားပြီး ဖုန်းလိုင်း နေရာကွက်ကျားသာရရှိသဖြင့် မြို့တွင်း အခြေအနေများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ခက်ခဲနေသည်။
ယခုလက်ရှိ စစ်တွေမြို့တွင်းက ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရကြောင်း သိရသည်။