
AB News – ဩဂုတ် ၇၊ ၂၀၂၅
ဒေဝီ
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက် ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ၊ စစ်ဗိုလ်ချုပ်ဟောင်းနှင့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ် ၇ ရက်၊ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀၀)၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) က သတင်းထုတ်ပြန်ခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ်ရှိပြီဖြစ်သော ဦးမြင့်ဆွေသည် ပါကင်ဆန်ရောဂါ (Parkinson’s Disease) နှင့် ယင်းရောဂါနှင့် ဆက်စပ်သော အာရုံကြောအားနည်းရောဂါများဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအဖွဲ့၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့က ဦးမြင့်ဆွေ၏ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ဈာပနကို နိုင်ငံတော်အဆင့်ဈာပနအဖြစ် ကျင်းပသွားမည်ဟုလည်း ဖော်ပြထားသည်။
ဦးမြင့်ဆွေသည် ၁၉၅၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၇၁ ခုနှစ်၌ စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
၎င်းသည် စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ) တွင် အရာချုပ်တာဝန်ယူခဲ့စဉ်က ဗိုလ်ချုပ်ခင်ညွန့်၏ စစ်ထောက်လှမ်းရေးအဖွဲ့ထက်ပင် ပိုမိုရက်စက်ခဲ့ကြောင်း နာမည်ထွက်ခဲ့သည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလတွင်လည်း ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူစဉ် ဆန္ဒပြသံဃာတော်များနှင့် ပြည်သူများကို ဦးသန်းရွှေ၏ အမိန့်အတိုင်း သွေးထွက်သံယို အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ကြောင်း လူသိများသည်။
ထို့အပြင် အရပ်ဘက်အစိုးရ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်တွင်လည်း ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းမှုများ ဆက်လက်ကျူးလွန်ခဲ့သူဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ယာယီသမ္မတအဖြစ်မှ အနားယူခဲ့ရပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ခြင်းဖြစ်သည်။
ဦးမြင့်ဆွေ၏ ခန္ဓာကိုယ် လှုပ်ရှားမရတော့သည့်အတွက် ဆေးကုသမှု ခံယူနေရကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းအား ယာယီသမ္မတ ရာထူးမှ အနားပေးကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးကို လက်ခံခဲ့ခြင်းဖြစ်သည်။
စစ်တပ်အရာရှိဟောင်းတစ်ဦး၏ ပြောကြားချက်အရ ဦးမြင့်ဆွေသည် သမိုင်း၏တရားခံအဖြစ် ထိုးကျွေးခံရသော ‘ရုပ်သေးသမ္မတ’ ဖြစ်ရသည့်အတွက် စိတ်ဓာတ်ကျကာ စိတ်ရောဂါအခြေအနေမှတစ်ဆင့် ရောဂါပိုမိုဆိုးရွားလာပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။