
AB News-ဇူလိုင် ၁၅၊ ၂၀၂၅
စစ်ကောင်စီ၏ အမ်း-ပဒါန်းစစ်မြေပြင်သို့ အတင်းအဓမ္မပို့ဆောင်ခံရသည့် တပ်သား ၂ဦး အာရက္ခတပ်တော်ထံ အလင်းဝင်လာကြောင်း အာရက္ခတပ်တော်မှ ယနေ့ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ တပ်သား ၂ဦးမှာ ကိုယ်ပိုင်အမှတ် -ပစ/၁၃၄၉၈၁၊ နေလင်းအောင်နှင့် ကိုယ်ပိုင်အမှတ် -ပစ/၁၂၇၁၄၆၊ အောင်သက်ထွန်း တို့ဖြစ်ပြီး ဇူလိုင်လ ၉ ရက်နေ့တွင် အာရက္ခတပ်တော်ထံ အလင်းဝင်လာကြောင်း သိရသည်။
စစ်ကောင်စီသည် မြန်မာပြည်အနှံ့ စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး စစ်အာဏာရှင် သက်ဆိုးရှည်ရေးများတွင် လူငယ်များ၏ စိတ်သဘောဆန္ဒမပါဘဲ စစ်အင်အားဖြည့်တင်းရေးကိစ္စများတွင် အတင်းအဓမ္မစစ်သားသစ်စု ဆောင်းနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီ၏ အဖြည့်ခံ၊ စတေးခံ အဖြစ်ရှေ့တန်းစစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံနေရသော တပ်သားသစ် (သို့) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားနေကြကြောင်း ဆိုသည်။
မြန်မာပြည်အနှံ့ စစ်ရှုံးနေသော စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားသည့် တပ်စခန်းများကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် အပြင်း အထန် ကြိုးစားနေသော်လည်း တပ်တွင်းအထက်တပ်မှူးများ၏ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ် စက်မှုတို့ကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ တပ်မှထွက်ပြေးနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် စစ်ကောင်စီထံ အဓမ္မစစ်သားသစ်စုဆောင်းခံရသူများ၊ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရသော မြန်မာပြည်အနှံ့မှ လူငယ်များအနေဖြင့် အာရက္ခတပ်တော်ထံသို့ အလင်းဝင် ဘက်ပြောင်းလာနိုင်ပြီးအလင်းဝင် ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံရေးကို အာရက္ခတပ်တော်မှ အာမခံကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။