AB News-ဇူလိုင် ၁၅၊ ၂၀၂၅
မြန်မာပြည်အနှံ့ စစ်ကောင်စီ၏ အတင်းအဓမ္မတပ်သားသစ်စုဆောင်းရေးတွင် ရောက်ရှိနေသော လူငယ်၊ လူလတ်များအား အလင်းဝင်ဘက်ပြောင်းလာရန် အာရက္ခတပ်တော်(ULA/AA)မှ ဖိတ်ခေါ်နေကြောင်း ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် “အကြမ်းဖက်စစ်ကောင်စီတပ်ထံတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုခံရပြီး အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေရသော မြန်မာပြည်အနှံ့မှ လူငယ်များအနေဖြင့် အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းလိုပါက မိမိတို့တပ်ရှိရာ မည်သည့်နေရာတွင်မဆို အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံမှုရရှိစေရေးကို အာရက္ခတပ်တော်မှ အာမခံပါသည်။” ဟု ပါရှိသည်ကိုတွေ့ရသည်။
ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ အမ်း-ပဒါန်းစစ်မြေပြင်မှ တပ်သားနှစ်ဦး အာရက္ခတပ်တော်ထံ အလင်းဝင်လာကြောင်း ULA/AA မှ ထုတ်ပြန်ထားသည်။
အဆိုပါအလင်းဝင်လာသည့် တပ်သားနှစ်ဦးမှာ တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ တပ်ရင်းမှ ကိုယ်ပိုင်အမှတ် -ပစ/၁၃၄၉၈၁ တပ်သားနေလင်းအောင် နှင့် တပ်မ ၉၆၉ လက်အောက်ခံ ခလရ ၇၉ တပ်ရင်းမှ ကိုယ်ပိုင်အမှတ် -ပစ/၁၂၇၁၄၆ တပ်သားအောင်သက်ထွန်း တို့ဖြစ်သည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ကာ လူငယ်၊ လူလတ်ပိုင်းများကို စစ်အာဏာရှင် သက်တမ်းရှည်စေရေးကိစ္စရပ်များတွင် မိမိ၏သဘောဆန္ဒမပါဘဲ စစ်အင်အားဖြည့်တင်းရေးများကို လုပ်ဆောင် နေကြောင်း သိရသည်။
ရှေ့တန်းစစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံနေရသော စစ်ကောင်စီ၏ တပ်သားသစ် (သို့) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ ရှေ့တန်းစစ်မြေပြင်များမှ နီးစပ်ရာ တိုင်းရင်းသားလူမျိုး တော်လှန်ရေးအဖွဲအစည်းများထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားနေကြောင်း သိရသည်။
စစ်ကောင်စီထံမှ အလင်းဝင်ခိုလှုံဘက်ပြောင်းလိုသူများအနေဖြင့် အာရက္ခတပ်တော်ရှိသည့် နေရာများတွင် အလင်းဝင်နိုင်ပြီး လုံခြုံရေး နှင့် အသက်အာမာခံ ရေးတို့ကို တာဝန်ယူကြောင်း အာရက္ခတပ်တော်မှ ပြောဆိုထားသည်။

