Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးခဲ့သည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီက နေဗီ၊ ဂျက်တိုက်လေယာဥ်တို့ဖြင့်ထပ်မံ ပစ်ခတ်တိုက်ခိုက်၍ တာဝါတိုင် ပျက်စီး

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ် ပုရစ်ရေကောက်ရွာအနီးတွင် စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးသွားခဲ့သည့်အတွက် စစ်ကောင်စီက နေဗီ၊ ဂျက်ဖိုက်တာများဖြင့် ထပ်မံလာရောက်ပစ်ခတ်သွားခဲ့၍ တာဝါတိုင်ပျက်စီးသွားကြောင်း ကနဦး သတင်းရရှိသည်။

ခမောင်းတုန်းမြစ်ကြောင်းမှ ကျောက်ချပ်ရပ်နားထားသည့် အကြမ်းဖက် စစ်ကောင်စီ၏နေဗီသည် ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဆင်ခေါင်းရွာနှင့် ညောင်ခြေထောက်ရွာကြားသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်လျက်ရှိသည့်အပြင် ဂျက်တိုက်လေယာဥ်ဖြင့်ပါ ယနေ့ နေ့လည် ၃ နာရီခန့်က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဆင်ခေါင်းရွာနှင့် ညောင်ခြေထောက်ရွာကြားရှိ တာဝါတိုင် ပျက်စီးသွားခဲ့ရကြောင်းသိရသည် ဟုဒေသခံတစ်ဦးက AB News သို့ပြောသည်။

” မနက်ကတည်းကပစ်နေတာ။ လက်နက်ကြီးက ရွာ ၂ ရွာကြားက တာဝါတိုင်မှာ ထိသွားတယ်လို့သိရတယ်။ တောင်တန်းတွေမှလည်း ကျရောက်ပေါက်ကွဲတယ်၊ နှစ်ဖက်တိုက်ပွဲ ဖြစ်သံတော့ မကြားပါဘူး” ဟုဆိုသည်။

အလားတူ အကြမ်းဖက် စစ်ကောင်စီသည် ဂျက်တိုက်လေယာဥ်ဖြင့် ယနေ့ နေ့လည် ၃ နာရီမှစတင်ပြီး ပုရစ်ရွာ၊ ဆင်ခေါင်းရွာ၊ ရေကောက်ရွာ၊ ဒေါမြရွာ အနီးပတ်ဝန်းကျင်ရှိ တောင်တန်းများသို့ ဗုံး ၈ လုံးထက်မနည်း ကြဲချသွားခဲ့ကြောင်း သိရသည်။

သံတွဲတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က တိုက်ပွဲအတွင် စစ်ကောင်စီဖက်မှ စစ်သား ၄၀ ကျော်သေဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

သံတွဲတွင် ဖြစ်နေသည့် တိုက်ပွဲနှင့် ပတ်သက်၍ နှစ်ဖက် အဖွဲ့အစည်းများဖြင့် တစ်စုံတရာ ထုတ်ဖော် ပြောကြားသည်ကို မတွေ့ရသေးပေ။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ရလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ နေ့ကလည်း ငပလီအခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းမှူး ခွန်မျိုးလွင်ဦးက ပုရစ်ရွာနှင့် ရေကောက်ရွာမှ ပြည်သူများကို ရွှေ့ပြောင်းခိုင်းခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ