
AB News -ဖေဖော်ဝါရီ ၂၂ ၊၂၀၅
မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားနေကြသော ပြည်သူများနှင့်အတူ ပူးပေါင်းပြီး စစ်ပွဲကို ဆက်လက်ဆင်နွှဲ သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ၂၁ ရက်နေ့က ကျင်းပခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးမြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းဆင်းပွဲ၌ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့သည် NUG၊ CRPH၊ PDF အမည်ခံများနှင့် ပူးပေါင်းပြီး ထိန်းချုပ်နယ်မြေများကို ချဲ့ထွင်နိုင်ရန် တရားလက်လွတ်ဥပဒေမဲ့ နည်းလမ်းများဖြင့် လုပ်နေကြသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။
လက်ရှိတွင် နယ်မြေဒေသတချို့ မတည်မငြိမ်ဖြစ်နေခြင်းကြောင့် ဒေသခံပြည်သူများ၏ စီးပွားရေးနှင့် အသက်များ ထိခိုက်ဆုံးရှုံးမှုသည် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်နိုင်သူများကြောင့်ဟု ဆိုထားသည်။
စစ်ခေါင်းဆောင် သင်တန်းဆင်းပေးသော ဗထူးတပ်မြို့သည် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်နေသည့် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာနှင့် မိုင် ၈၀ ခန့်အကွာတွင် တည်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နိုင်ငံတစ်ဝန်းတွင် အရပ်သား ၂၈,၆၃၇ ဦး ဖမ်းဆီးခံထားရပြီး ၆၃၂၂ ဦး သေဆုံးခဲ့သည်ဟုလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်း မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီက မြန်မာနိုင်ငံ၏ ဧရိယာ ၄၀ ရာခိုင်နှုန်းခန့်ကိုသာ ထိမ်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။