သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ် ၊ ဆပ်သွားတိုက်နယ် နှင့် ကျိန္တလီတိုက်နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရ၍ အရပ်သားပြည်သူ ၇ ဦးသေဆုံး

AB News – နိုဝင်ဘာ ၂၉ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ ဂွမြို့နယ် ၊ ဆပ်သွားတိုက်နယ်နှင့် ကျိန္တလီတိုက်နယ်မှ ရွာ ၃ ရွာတွင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသူများမှာ ဆပ်သွားတိုက်နယ်၊ ရွှေဦးကွင်းရွာမှ အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်သော်တာထွေး၊ အသက် ၆၀ နှစ်အရွယ် ဒေါ်အုန်းကြည် ၊ အသက် ၈၀ နှစ်အရွယ် ဒေါ်ပွားကြည် ၊ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ကြိုင် ၊ အသက် ၅၈ နှစ်အရွယ် ဦးဇော်လင်း ၊ ဇီးကုန်းကျေးရွာမှ အသက် ၂၈ နှစ်အရွယ် ကိုမောင်မောင် နှင့် ကျိန္တလီတိုက်နယ် ၊ ရမ္မာကျွန်းရွာမှ  အသက် ၄၇ နှစ်အရွယ် ကိုတူးမောင်မောင်တို့ဖြစ်ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ ၊ နေ့လည် ၁၂ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်သည် ဂွမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်က AB News သို့ပြောသည်။

“စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ဗုံးလာချတာပါ။ ဂွမြို့နယ်က ရွာ ၃ ရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီးတေ့ာ ​သေဆုံးသွားခဲ့ရပါတယ်” ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် တစ်ချိန်တည်းတွင် ဂွမြို့နယ်၊ ဆပ်သွားတိုက်နယ်မှ ရွှေဦးကွင်းရွာ ၊ ဇီးကုန်းရွာ နှင့်ကျိန္တလီတိုက်နယ်မှ ရမ္မာကျွန်းရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ ၊ နံနက် ၁၀ အချိန်တွင်လည်း ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် လေကြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးသေဆုံးသွားပြီး ၅ ဦး ဒဏ်ရာပြင်းထန်ရရှိသွားခဲ့ရသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ ၊ ညနေ ၆ နာရီခွဲအချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဂွမြို့နယ် ၊ ဂျိုက်ကောက်တံတားကို မိုင်းခွဲ ဖျက်ဆီးလိုက်သောကြောင့် တံတားအလယ်လောက်တွင် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ဂွမြို့နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား ဆက်လက်တိုက်ပွဲ ပြင်းထန်လျက်ရှိနေပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှု နေ့စဥ်ရက်ဆက် ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ