AB News -ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ဂွမြို့နယ်အတွင်း စစ်ဘေးရှောင်များအပါအဝင် ဒေသခံပြည်သူ ၃၇၉၇ ဦးတို့မှာ အရေအပြားရောဂါခံစားနေကြရပြီး ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေသည် ဟုသိရသည်။
အရေးပြားယားရောဂါဖြစ်ပွားနေသူများမှာ အသက် ၁၀ နှစ်အောက် ၆၀၀ဦး ၊ အသက် ၁၀နှစ်မှ ၁၈ နှစ်အောက် အထိ ၆၀၁ ဦး၊ အသက် ၁၈ နှစ်အထက် ၁၂၉၆ ဦး စုစုပေါင်း ၃၇၉၇ ဦးတို့ ရှိဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ထံမှ သိရှိ ရသည်။
လက်ရှိမှာ ရောဂါပြန့်ပွားမှုသည် ပိုပြီးတိုးလာနေခြင်းကြောင့် အရေးပေါ်ဆေးဝါး အကူအညီများလို အပ်နေသည်ဟု စစ်ဘေးဒုက္ခသည် အရေးကူညီနေသူ ၁ ဦးက AB Newsသို့ ပြောကြားသည်။
‘’ရောဂါက ပိုပြီးဆိုးလာတယ်။ ။တချို့ကလေးတွေဆို ခန္ဓာတစ်ကိုယ်လုံးမှာ ဖြစ်နေတယ်။ဆေးဝါးတွေကလည်း ဈေးကြီးပြီး ရှားပါးနေတော့ ဆေးဝါးကုသရေး ဘယ်လိုမှ အဆင်မပြေဘူး။ရောဂါကလည်း စိုးရိမ်ရတဲ့အခြေအနေပါ။ ဆေးဝါးထောက်ပံ့မှုတွေလည်း မရရှိသေးဘူး။ ဆေးဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်’’ဟု ပြောသည်။
ဆေးဝါးများရှားပါးပြီး ဈေးနှုန်းအဆမတန်မြင့်တက်နေသည့်အတွက်ကြောင့် အရေပြားရောဂါ ခံစားနေရသူများမှာ ဆေးကုသရန် အခက်အခဲဖြစ်နေပြီး ဆေးဝါး အများအပြား အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။
ထိုကဲ့သို့ အရေးပြားရောဂါဖြစ်ပွားနေခြင်းသည် စစ်ဘေးရှောင်များအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝမရှိခြင်း၊ မသန့်ရှင်းသော ရေကို သောက်သုံးခြင်း၊ ပတ်ဝန်ကျင်သန့်ရှင်းမှုမရှိခြင်း၊အာဟာရချို့တဲ့ခြင်းနှင့် လူဦးရေထူထပ်သော နေရာများတွင် နေထိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှစကာ ရက္ခိုင်ပြည်သို့ ရေလမ်း၊ ကုန်းလမ်း များ ပိတ်ဆို့ခဲ့ပြီး ဆေးဝါး၊ စားသောက်ကုန်၊ စက်သုံးဆီနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်လတ်နေခဲ့သည်။
ယင်းအပြင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့မှ စက်သုံးဆီးများကို ရက္ခိုင်ပြည် ဂွမြို့နယ်သို့ တင်သွင်းခြင်းမပြုရဟု စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့စမှစ၍ ပိတ်ပင်တားမြစ် လိုက်သည်ဟု သိရသည်။