
AB News – နိုဝင်ဘာ ၃၊ ၂၀၂၅
ဖြိုးဝေ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာသို့ စစ်ကော်မရှင်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် အထက်တန်းကျောင်းသူ ၁ ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် အထိုင်ချတပ်စွဲထားသော စစ်ကော်မရှင်က ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ငါးလုံးတင် ရွာထဲသို့ ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လက်နက်ကြီးကျည်များ ထိမှန်မှုကြောင့် အသက် ၁၆ နှစ်အရွယ် Grade-10 ကျောင်းသူတစ်ဦးနှင့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့သည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထို့အပြင် အသက် ၁၃ နှစ်အရွယ် Grade-7 ကျောင်းသူတစ်ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ငါးလုံးတင်ကျေးရွာရှိ နေအိမ် ၄ လုံးခန့်လည်း ပျက်စီးသွားခဲ့သည်။
အောက်တိုဘာ ၁၀ ရက်နေ့ကလည်း စစ်ကော်မရှင်က ၎င်းရွာသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။