
AB News – အောက်တိုဘာ ၂၂၊ ၂၀၂၅
မျိုးဟိန်း
ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ ကျောက်ပန္ဒူကျေးရွာဘက်သို့လာသည့် ကုန်တင်ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီးကို လမ်းခုလတ် တစ်နေရာတွင် ARSA အဖွဲ့မှ ခြုံခိုပစ်ခတ်ခဲ့သောကြောင့် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။
သေဆုံးသွားသည့် အမျိုးသမီး ၂ ဦးမှာ ဒေါ်ဝေဝေစိုး (အသက် ၃၀ နှစ်) နှင့် ဒေါ်နိုင်နိုင်ဆွေ (အသက် ၄၀ နှစ်) တို့ဖြစ်ကြောင်း ULA/AA ၏ ကနဦး ထုတ်ပြန်ချက်အရ သိရသည်။
ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသား နှစ်ဦးမှာ ကျောက်ပန္ဒူကျေးရွာမှ ကားမောင်သူ (အသက်၃၀) ကိုထွန်းဝင်း နှင့် ခရီးသည် မောင်သန်းထွေး တို့ဖြစ်ကြောင်း ဆိုသည်။
သေဆုံးသူ ဒေါ်ဝေဝေစိုး၏ အသက် ၃ နှစ်အရွယ် သမီး မခိုင်မြတ်မွန် ကိုမှု မိခင်၏အလောင်းဘေးတွင် အသက်ရှင်လျက်ပြန်တွေ့ကြောင်း ULA/AA က ပြောသည်။
အဆိုပါသေဆုံးသွားသူများနှင့် ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူများ၏ အသေးစိပ်အချက်အလက်များကို AB News အနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ARSA အဖွဲ့သည် စေတီတောင်ကျေးရွာမှ ကျောက်ပန္ဒူကျေးရွာသို့ ခရီးသည် ၅ ဦးစီးနင်းလိုက်ပါလာသည့် ကားကို ယနေ့ နေ့လည် ၁ နာရီ ခွဲကျော်အချိန် မောင်တောမြို့ မြိုယုကျေးရွာအနီး ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ခရီသည်များနှင့်အတူ ကားပေါ်သယ်ဆောင်လာသည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ် အစရှိသည်တို့ကို ယူဆောင်သွားကြောင်း သိရသည်။
အကြမ်းဖက် မူဆလင်လက်နက်ကိုင်များဖြစ်သည့် ARSA ၊ RSO အဖွဲ့များသည့် ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်နေကြောင့် ဒေသခံခရီးသွားပြည်သူများ စိုးရိမ်မှုမြှင့်တက်လျက်ရှိနေသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့တွင်လည်း တောင်ပြို မှ စျေးဝယ်ပြီး ပြန်လာသည့် အောင်သာယာကျေးရွာသား ၃ ဦးကို လိပ်ရခွဆုံ နှင့် သာယာကုန်းကျေးရွာကြား အကြမ်းဖက် ARSA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း နံသာတောင်ကျေးရွာမှ အလှကုန်ပစ္စည်းတင်လာသည့် ဆိုင်ကယ်ကယ်ရီသမား ၃ ဦးကို အကြမ်းဖက် ARSA အဖွဲ့မှ ခြုံခိုပစ်ခတ်ခဲ့သောကြောင့် ကယ်ရီမောင်းသမား အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း အခြေကုပ်ယူကာ ရက္ခိုင်ပြည်တွင်း ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ စိမ့်ဝင်နေသည့် အကြမ်းဖက်မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုကြောင့် ဒေသခံပြည်သူများကို အာရက္ခတပ်တော်မှ လုံခြုံရေးသတိရှိစေရန် တိုက်တွန်းပြောဆိုထားသည်။
ပုံစာ – စေတီပြင်နှင့် ကျောက်ပန္ဒူကြားရှိ ဆက်သွယ်လမ်းအား မြင်တွေ့ရစဉ်။