သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကွတ်ခိုင်မြို့ကို စစ်ကောင်စီဗုံးကြဲ၊ ကလေးအပါအဝင် ပြည်သူ ၆ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ



‎AB News – ဇူလိုင် ၃၀၊ ၂၀၂၅
‎မျိုးဟိန်း

‎တအောင်းပြည်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA က ပြောသည်။

‎အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီက ယနေ့နံနက် ၁ နာရီခန့်အချိန်တွင် ကွတ်ခိုင်မြို့၊ ရပ်ကွက် ၂ ရှိ ရာစုသစ်ဟိုတယ်ကို ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎၎င်းဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးသေဆုံးခဲ့ရသည့်အပြင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂ ဆောင် နှင့် တည်းခိုခန်းအဆောက်အဦးအချို့လည်း ဗုံးစထိမှန်ပျက်စီခဲ့ကြောင်း သိရသည်။

‎အလားတူ ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း မိုးကုတ်နှင့် မိုင်းလုံမြို့နယ်များကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

‎ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၁ ဆောင်လည်း ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

‎ယခုလအတွင်း စစ်ကောင်စီသည် ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါ နှင့် မိုးကုတ်မြို့နယ်များကို ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၈ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။


‎ထိုဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦးနှင့် အမျိုးသား ၁၃ ဦးသေဆုံးခဲ့ရပြီး ကလေးငယ် ၄ ဦးအပါအဝင် အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၇၆ ဆောင်၊ စာသင်ကျောင်း ၂ ကျောင်း နှင့် ဘုန်းကြီးကျောင်း ၂ ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‎ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ရှားရန် နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာရန် TNLA မှ ပြည်သူများကို တိုက်တွန်းပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ