
AB News – အောက်တိုဘာ ၂၀၊ ၂၀၂၅
မျိုးဟိန်း
အာရက္ခတပ်တော်၏ ထိုးစစ်များကို ခုခံကွယ်ကွယ်နိုင်ရန် ကျောက်ဖြူ နှင့် စစ်တွေ ကို စစ်ကော်မရှင် (စကမ) က နေဗီ(စစ်ရေယာဥ်) နှင့် ရေကြောင်းအသုံးပြုကာ စစ်အင်အားဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရှိရသည်။
အဆိုပါ စစ်အင်အားဖြည့်တင်းနေသည့် တပ်သားများမှာ စကမ ၏ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။
“အင်အားက တော်တော်အားဖြည့်လာတယ်လို့ပြောလို့ရပါတယ်။ အများစုကတော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပါ။ ကုန်းလမ်းကို AA က ထိန်းချုပ်ထားတော့ ရေကြောင်းနဲ့ပဲ အင်အားဖြည့်နေရတယ်” ဟု စစ်တပ်နှင့်နီးစပ်သည့် စစ်တွေဒေသခံတစ်ဦးက ပြောသည်။
စစ်တွေကို ပို့ဆောင်ခံရသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် ရှေ့တန်းစစ်မျက်နှာကာကင်းစခန်းများတွင် နေရာချပေးနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။
အလားတူ အာရက္ခတပ်တော်၏ ထိုးစစ်ပြင်းထန်မှုကို ခုခံနေရသည့် ကျောက်ဖြူမြို့ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စကမ က ရေကြောင်းဖြင့် စစ်အင်အားဖြည့်တင်းမှုကို သိသိသာသာပြုလုပ်နေကြောင်း သိရသည်။
ယခုကဲသို့ စစ်အင်အားဖြည့်တင်းလာမှုသည် ကျောက်ဖြူမြို့အနီးအနား အာရက္ခတပ်တော်သိမ်းပိုက်ထားသော ရှေ့တန်းကာကင်းစခန်းအချို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် ပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးမှ ပြောသည်။
“မြို့နဲ့ နည်းနည်းအလှမ်းဝေးတဲ့ ကာကင်းစခန်းတချို့ကို AA က သိမ်းပိုက်ထားတာရှိတယ်။ တိုက်ပွဲတွေမှာ အကျအဆုံးများနေတော့ အဲဒီကာကင်းတွေကို ပြန်သိမ်းဖို့အတွက် အင်အားရှိပုံမရဘူး။ ဒါကြောင့် တပ်အင်အားတိုးချဲ့လာပါ။ လက်လွှတ်လိုက်ရတဲ့ ရှေ့တန်းကာကင်းစခန်းတွေကို ပြန်သိမ်းမယ် ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ခြေ နည်းပါတယ်။ AA က မြို့ပတ်ဝန်းကျင်အားလုံးကို ဝိုင်းဝန်းပိတ်ဆို့ထားတာဆိုတော့ သူတို့ လွယ်လွယ်နဲ့ ထိုးဖောက်နိုင်မယ် မထင်ပါဘူး” ဟု ဆိုသည်။
စကမ မှ ရေကြောင်းအသုံးပြု စစ်အင်အားဖြည့်တင်းလာမှု နှင့် ရက္ခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်များတွင် စစ်ရေယာဥ်နေဗီများ တိုးချဲ့ချလာမှုအပြင် ရေလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒေသခံများကို မတရားဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့၊ ဆားပြင်ကွင်းရပ်ကွက်မှ အပြစ်မဲ့ဒေသခံရေလုပ်သား ၂၀ ကျော်ကို စကမ နေဗီမှ မတရားဖမ်းဆီးခဲ့ကြောင်း ULA/AA က အောက်တိုဘာလ ၁၀ ရက်နေ့တွင်ပြောသည်။
ဒေသတွင်း စားဝတ်ရေးများအတွက် တစ်နိုင်တစ်ပိုင်ရေလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒေသခံများကို နေ့ဘက်တွင်သာ လုပ်ကိုင်ကြရန် အာရက္ခတပ်တော်က ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စကမ စစ်အင်းဖြည့်တင်းနေသည့် ကျောက်ဖြူတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် တရုတ်စီမံကိန်း အများအပြားရှိသလို စစ်တွေ တွင်လည်း အိန္ဒိယဆိပ်ကမ်း နှင့် တခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြား ရှိသည်။
စကမ သည် ကျောက်ဖြူ နှင့် စစ်တွေ မြို့တို့တွင် အာရက္ခတပ်တော်၏ ထိုးစစ်ကို ခုခံရန် ခံစစ်အခိုင်အမာြပင်ဆင်ထားပြီး ၎င်းမြို့များရှိအခြေစိုက် အမြောက်တပ်ရင်းများ နှင့် ပင်လယ်ပြင်တွင် ရပ်နားထားသည့် နေဗီများမှ မြို့အနီးအနား ကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေမှုများကြောင့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အပြင် ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။
ထို့အပြင် စကမ ၏ စစ်ရေးအချက်အချာကျသည့် နေရာ ၅ ခုကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် ULA/AA က ပြောသည်။
ပုံစာ – ရက္ခိုင်ရေပိုင်နက်အတွင်း စစ်ကော်မရှင် ရေတပ်နေဗီများ စစ်ရေးလှုပ်ရှားနေခြင်း။