
AB News – ဒီဇင်ဘာ ၁၆၊ ၂၀၂၅
ဆုပြည့်ဖြိုး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ င/လုံးစု ကျေးရွာအား အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေသူများအနက် အမျိုးသား ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်၊ နေ့လယ် ၁ နာရီ၊ ၁၁ မိနစ်ခန့်တွင် ဒဏ်ရာပြင်းထန်စွာဖြင့် ဆေးကုသမှု ခံယူနေခဲ့သည့် အမျိုးသားတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်၊ င/လုံးစု အောက်ရွာနေ အသက် ၄၁ နှစ်အရွယ် ဦးမောင်သန်းကြည် ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးအား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၁ ရက် ညနေ ၇ နာရီ ၃၄ မိနစ်ခန့်တွင် စစ်ကော်မရှင်က င/လုံးစု အထက်ရွာနှင့် အောက်ရွာများသို့ လေကြောင်းအသုံးပြု၍ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၈ ဦးမှာ ဗုံးကြဲသည့် နေရာတင် သေဆုံးခဲ့ပြီး ထပ်မံသေဆုံးသွားသည့် ဦးမောင်သန်းကြည် အပါအဝင် စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူမြို့နယ်၊ င/လုံးစု အထက်ရွာနှင့် အောက်ရွာ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူ စုစုပေါင်း ၉ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ပြည်သူများအနေဖြင့် လုံခြုံရေးအရ စိုးရိမ်နေရ၍ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။