
AB News – နိုဝင်ဘာ ၂၃၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်ရှိ ဆင်ဘုတ်ရွာမရွာ ဘုန်းကြီးကျောင်းနှင့် ကျွန်းကြီးရွာရှိ ဆင်ဘုတ်အုပ်စုအထက်တန်းစာသင်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အသေခံဒရုန်း(Suicide Drone) အပါအဝင် တိုက်ခိုက်ရေးရေယာဉ်မှ လက်နက်ကြီနှင့် ဗုံးများ အဆက်မပြတ် ပတ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ တိုက်ခိုက်ရေး ရေယာဉ်မှ မင်းရပ်တိုက်နယ်ရှိ ဆင်ဘုတ်ရွာမရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီး ၇ လုံးခန့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အသေခံဒရုန်း (Suicide Drone) ၃ စီးဖြင့် အဆိုပါဘုန်းကြီးကျောင်းအား ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် ဆင်ဘုတ်ရွာမရွာ ဘုန်းကြီးကျောင်းဆောင် တစ်ခုလုံး မီးလောင်ပြာကျသွားပြီး ဘုန်းကြီးကျောင်းအနီးရှိ အသက် ၅၃ နှစ်အရွယ် ဦးကျော်အေး၏ နေအိမ်နှင့် အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်လှရွှေတို့၏ နေအိမ် ၂ လုံး မှာလည်း လက်နက်ကြီးစ ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ ၁၁ နာရီ ၅၅ မိနစ်အချိန်ခန့်တွင်လည်း ကျွန်းကြီးကျေးရွာရှိ ဆင်ဘုတ်အုတ်စု အထက်တန်းစာသင်ကျောင်းအားလည်း အသေခံဒရုန်း (Suicide Drone) ၁ စီးဖြင့် လာရောက်ဗုံးကြဲခဲ့သောကြောင့် အဆိုပါစာသင်ကျောင်းမှာ ဗုံးစထိမှန်ကာ ခေါင်မိုးနှင့် နံရံများပြိုကျပျက်စီးသွားခဲ့ရသည်။
လက်ရှိ ကျောက်ဖြူမြို့အနီးဝန်းကျင်နေရာများတွင် အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် AA တို့ကြား နှစ်ဖက်တိုက်ပွဲအရှိန်ပြင်းထန်လာနေပြီး မြို့ခံပြည်သူများနှင့် ခရီးသွားပြည်သူများအားလည်း နေရပ်ပြန်ခွင့်မပေးဘဲ မြို့ထဲတွင် လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားကြောင်း သိရသည်။