AB News – အောက်တိုဘာ ၃၁၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ၁ဝ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဇင်ချောင်းရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခဲ့ခြင်း ဖြစ်သည်။
”ဗုံးသံကြားတော့ ကလေးတွေရော၊ လူကြီးတွေရော တုန်လှုပ်သွားကြတယ်။ ဘာအပြစ်မှမရှိတဲ့ ရွာသူရွာသားတွေ သေကြေဒဏ်ရာရတာကို မြင်ရတော့ စိတ်မကောင်းဖြစ်ရတယ်။ ဒီလိုဒုက္ခပေးတဲ့သူတွေကို ဘယ်တေ့ာမှခွင့်မလွတ်နိုင်ဘူး” ဟု ဒေသခံ ၁ ဦးက AB News သို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး သေဆုံးသွားပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ပြည်သူပိုင်နေအိမ် ၅ လုံး၊ ဆိုင်ကယ် ၃ စီးနှင့် ကား ၅ စီးခန့်ပျက်စီးခဲ့ရသည်။
ယမန်နေ့တစ်ရက်တည်းတွင် အကြမ်းဖက် စစ်ကော်မရှင်က ရက္ခိုင်မှ ကျောက်ဖြူအပါအဝင် မြို့ ၃ မြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ယမန်နေ့ နေ့လယ် ၁နာရီကျော်ခန့်အချိန်တွင် စစ်ကောင်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့အနီးတဝိုက်ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ရော့ကတ် ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယမန်နေ့၊ နံနက် ၈ နာရီခွဲအချိန်တွင် မူစဲကမ်းကျွန်း၊ အောက်ဇီးကိုင်းကျေးရွာကို ဒရုန်းဖြင့် ၃ ကြိမ်တိုင် ဒရော့ဗုံး ၁၀ လုံးခန့်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့ရသည်။


