သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်မှ ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်လေတပ် ထပ်မံ ဗုံးကြဲတိုက်ခိုက်ပြန်

AB News – ဒီဇင်ဘာ ၁၅၊ ၂၀၂၅
ဖြိုးသီရိနိုင်

ကျောက်ဖြူမြို့နယ်၊ အင်းတိုင်းရွာ၊ ကျောက်ကလေရွာနှင့် မင်းရပ်ရွာကို စစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့၊ နေ့လည့် ၁ နာရီခွဲအချိန်တွင် အင်တိုင်းကြီးရွာရှိ ဘုန်းကြီးကျောင်းကို အသေခံ ဒရုန်းဖြင့် ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ ဝင်ရောက် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါဗုံးချ တိုက်ခိုက်မှုကြောင့် အင်တိုင်းကြီးရွာ ဘုန်းကြီးကျောင်း ခေါင်မိုးနှင့် နံရံများ ပြိုကျ ပျက်စီးခဲ့ပြီး သံဃာ အသုံးဆောင်ပစ္စည်းများ ပျက်စီးခဲ့ရသည်။

ထို့နောက် ဒီဇင်ဘာ၁၃ရက်နေ့၊ နေ့လည် ၂ နာရီခန့်အချိန်တွင် စစ်ကော်မရှင်သည် အသေခံ ဒရုန်းဖြင့် ကျောက်ဖြူမြို့နယ်၊ ကျောက်ကလယ်ရွာ ဘုန်းကြီးကျောင်းအား ထပ်မံ ဗုံးချတိုက်ခိုက်ခဲ့ရာ ခေါင်မိုးများ ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။

အလားတူ ဒီဇင်ဘာ ၁၃ရက်နေ့ နေ့လည်၂ နာရီကျော်အချိန်တွင် အကြမ်းဖက် စစ်ကော်မရှင်သည် အသေခံဒရုန်းဖြင့် ကျောက်ဖြူမြို့နယ်၊ မင်းရပ်ရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် မူလတန်းစာသင်ကျောင်းအား ဦးတည်၍ ထပ်မံဗုံးချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းရှိ ခေါင်မိုးနှင့် နံရံများပါ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့ တွင်လည်း အကြမ်းဖက် စစ်ကော်မရှင် သည် ကျောက်ဖြူမြို့နယ် ၊ င/ လုံးစု အထက်ရွာနှင့် အောက်ရွာကို လေကြောင်းမှ ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ရှောင်များ အပါအဝင် အရပ်သား ပြည်သူ ၈ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့သည်။

အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့၊ နံနက် ၉ နာရီ ၂၂ မိနစ် အချိန်တွင် ဂွမြို့ကို အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်ဖိုင်တာ၊ နေဗီများအား အသုံးပြု၍ ဆက်တိုက်ဗုံးကြဲချ တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့၊ ညနေ ၉ နာရီ၊ ၁၃ မိနစ် အချိန်တွင်လည်း မြောက်ဦးပြည်သူ့ဆေးရုံကြီးအား စစ်ကော်မရှင်မှ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ၃ လအရွယ် ကလေးငယ်အပါအဝင် ကိုယ်ဝန်ဆောင်မိခင်များ၊ ဆေးကုသမှုခံယူနေသော လူနာ ၃၃ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ