သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်တွင် စပါးရိတ်သိမ်းနေသည့် အမျိုးသမီး ၂ ဦး စစ်ကော်မရှင် ဒရုန်းဗုံးဖြင့် ပစ်ခတ်ခံရ၍ သေဆုံး၊ ၁ ဦးဒဏ်ရာရ

AB News – ဒီဇင်ဘာလ ၄၊ ၂၀၂၅
အောင်စိုး

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် စပါးရိတ်သိမ်းနေသည့် သားအမိ အမျိုးသမီး ၂ ဦး စစ်ကော်မရှင်၏ ဒရုန်းမှ ဗုံးကြဲချမှုကြောင့် သေဆုံးသွားပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အရ သိရသည်။

သေဆုံးသွားသည့် အမျိုးသမီး ၂ ဦးမှာ မိခင်ဖြစ်သူ ဒေါ်မဝင်းကြည် နှင့်သမီးဖြစ်သူ ဒေါ် ခင်ဝင်းကြည် တို့ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူ၏ အမည်ကို AB News မှ စုံစမ်းနေဆဲဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် လိပ်ပြင်ကျိန် (ဒွိန်) ကျေးရွာ အနီး စပါးခင်းတွင် စပါးရိတ်သိမ်းနေစဥ် စစ်ကော်မရှင်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများသည် ကျောက်ဖြူမြို့နယ်၊ ဝါးတောကျေးရွာ ဇာတိဖြစ်ပြီး၊ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြသူများ ​ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

စစ်ကော်မရှင်သည် ကျောက်ဖြူမြို့ အနီးအနားကျေးရွာများသို့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများအပြင်၊ ဒရုန်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေပြီးသောင်းချီသော ပြည်သူများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။ 

ယင်းအပြင် နှစ်ဖက်တိုက်ပွဲပြင်းထန်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများမှာ အရေးပေါ်စားနပ်ရိက္ခာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်းစစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ