
AB News – ဇူလိုင် ၁၃၊ ၂၀၂၅
နွယ်စိုး
တိုက်ပွဲများ ပြင်းထန်နေသည့် ကျောက်ဖြူတွင် စစ်ကောင်စီ၏ ဒရုန်းတပ်ဖွဲ့က ၎င်းတို့၏ စစ်ကူလာသော တပ်ဖွဲ့ဝင်များကို AA တပ်ဖွဲ့ဝင်များအဖြစ် ထင်မှတ်ကာ အသေခံဒရုန်းဖြင့် မှားယွင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။
ဇူလိုင် ၁၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ ကျောက်ဖြူတောင် ဘုရားရှေ့ကွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့က ဗုံးအလုံး ၂၀ ကျော် မှားယွင်းကြဲချခဲ့ခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ် တစ်ဦးက AB News သို့ ပြောသည်။
“မနေ့က စစ်ကောင်စီရဲ့ ဒရုန်းအဖွဲ့ဟာ သူတို့ရဲ့ စစ်ကြောင်းကို AA ထင်လို့ မှားယွင်း ယူဆပြီး ဒရုန်းနဲ့ ဗုံးတွေ ကြဲချခဲ့တာပါ။ ဗုံးအလုံး ၂၀ ကျော်လောက် ကျခဲ့ပြီး ၁၀ ဦးနီးပါး သေဆုံးခဲ့တယ်လို့ ထင်ပါတယ်။ ဂုံးချွိန်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ” ဟု ဆိုသည်။
ထိုသို့ မှားယွင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၀ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူအချို့ကိုလည်း ကျောက်ဖြူမြို့ပေါ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ကျောက်ဖြူတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ ရေကြောင်းနှင့် အသေခံဒရုန်းများဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။
လက်ရှိတွင် စစ်ကောင်စီ တပ်စွဲထားသည့် မလကျွန်း၊ ပြိုင်းစေ့ကေနှင့် ကပ်သပြေကျေးရွာအနီးတစ်ဝိုက်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
AA သည် ရ ကျန်ရှိနေသေးသော ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့တို့ကိုလည်း ထိန်းချုပ်နိုင်ရန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။