
AB News – အောက်တိုဘာ ၂၂၊ ၂၀၂၅
မျိုးဟိန်း
ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာဘက်မှ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာဘက်သို့လာသည့် ကုန်တင်ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီးကို လမ်းခုလတ် တစ်နေရာတွင် ARSA အဖွဲ့မှ ခြုံခိုပစ်ခတ်ခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။
ဖြစ်စဥ်မှာ ယနေ့ နေ့လည် ၁ နာရီခန့်အချိန် စေတီပြင်ကျေးရွာဘက်မှလာသည့် ကုန်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို ARSA အဖွဲ့မှ ခြုံခိုပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
လက်ရှိတွင် ကုန်တင်ကား နှင့် ဆိုင်ကယ်ပေါ်တွင် လိုက်ပါစီးနှင်းလာသည့် ဒေသခံပြည်သူများ ပျောက်ဆုံးနေကြောင်း ကနဦးသတတင်းရရှိသည်။
ပျောက်ဆုံးနေသည့် ဒေသခံပြည်သူများ အရေအတွက်ကို AB News အနေဖြင့် သီးခြားအတည်မပြုနိုင်သော်လည်း ထိုထဲတွင် ကျောက်ပန္ဒူကျေးရွာ အနီးအနားကျေးရွာများမှ အသက်မပြည့်သည့် ကလေးငယ် ၅ ဦးခန့်ပါရှိကြောင်း သိရသည်။
“ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ စေတီပြင်ဘက်ကလာတဲ့ ကားနဲ့ ဆိုင်ကယ်တစ်စီး ARSA က ခြုံခိုပစ်တာပါ။ လောလောဆယ် ခရီးသည်တွေ ပျောက်ဆုံးနေတယ်လို့ သိရတယ်။ ပျောက်ဆုံးနေတဲ့ ခရီးသည်တွေမှာ ကလေးတွေလည်း ပါတယ်” ဟု ကျောက်ပန္ဒူကျေးရွာသားတစ်ဦးက AB News သို့ ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို AB News မှ ဆက်လက်တင်ပြသွားမည် ဖြစ်သည်။