သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် ဓားမြတိုက်ခံရသော အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရ

AB News – ဇူလိုင် ၂၆၊ ၂၀၂၅
မျိုးဟိန်း

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ အမျိုးသမီးတစ်ဦး ဓားမြတိုက်ခံရစဥ် အသတ်ခံလိုက်ရကြောင်း AB News မှ စုံစမ်းသိရှိရသည်။

အဆိုပါအသတ်ခံရသော အမျိုးသမီးမှာ ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေရွာမှ အသက် ၆၂ နှစ်အရွယ် ဒေါ်ဝင်းနုယဥ်ဖြစ်ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ ညအချိန် မိမိနေအိမ်အတွင်း တစ်ယောက်တည်းအိပ်နေစဥ် ဓားမြတိုက် ခံရပြီး အသတ်ခံလိုက်ရကြောင်း သားဖြစ်သူ ဦးထွန်းကျော် က ဆိုသည်။

“ကျနော့်အဖေက နွားခြံမှာ စောင့်အိပ်ရပါတယ်။ အိမ်မှာက အမေတစ်ယောက်တည်း အိပ်တာ။ အဖေနွားခြံက မနက် ၇ နာရီလောက်မှာရောက်တယ်။ အမေ့ကို နိုးကြည့်တော့ အမေက သေနေပြီ” ဟု ဆိုသည်။

ဒေါ်ဝင်းနုယဥ်၏ ခန္ဓာကိုယ်တွင် လည်ပင်း၌ ဓားထိုးဒဏ်ရာတစ်ချက်၊ ဘယ်ဖက်နို့အုံ၌ ဓားထိုးဒဏ်ရာတစ်ချက်နှင့် ပြတ်ရှဒဏ်ရာတို့ တွေ့ရှိရကြောင်း ဆိုသည်။

ထိုဓားမြတိုက်ခံရမှုကြောင့် သေဆုံးသူ ဒေါ်ဝင်းနုယဥ်မိသားစုတွင် စုစုပေါင်းရွှေ ၃ ကျပ်အပါဝင် ငွေကျပ် ၃ သိန်းခွဲ နှင့် ဖုန်းတစ်လုံး ပါသွားကြောင်း သိရသည်။

ကျန်ရစ်သူမိသားစုများမှ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိစေရန် အာရက္ခတပ်တော်၏ ဒီလပ်ရဲဌာနကို အမှုဖွင့်တိုင်ကြားထားကြောင်း မိသားစုဝင်များမှ ပြောသည်။

ဒေါ်ဝင်းနုယာဥ်၏ ရုပ်အလောင်းကို ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ ညနေအချိန် ရွာ၏သုသာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု ရွာသားများမှ ပြောသည်။

ပြိန်းချောင်းကျေးရွာသည် ရန်ကုန်-စစ်တွေကားလမ်းဘေးတွင်တည်ရှိပြီး အိမ်ခြေ ၂၀၀ခန့် ရှိသည့် ကျေးရွာတစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကျောက်တော်မြို့နယ် ကွမ်းရုံချောင်းကျေးရွာတွင် ဓားမြတိုက်ခံရမှုကြောင့် ရွှေ ၁၀ ကျပ်ကျော်နှင့် ငွေသားအချို့ ပါသွားကြောင်း သိရသည်။

ရက္ခိုင်တွင် စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ကုန်းလမ်း၊ ရေလမ်းများကိုပိတ်ဆို့ထားမှု၊ ဒေသတွင်း ကုန်စျေးနှုန်းမြင့်တက်လာမှု၊ စားဝတ်နေရေးကျပ်တည်းလာမှုများကြောင့် ခိုးဆိုးလုနိုက်မှုများ ရံဖန်ရံခါဖြစ်ပေါ်နေကြောင်း ဒေသခံပြည်သူများမှ ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်