AB News-ဇူလိုင် ၇၊ ၂၀၂၅
မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်တွင် ကျေးရွာအချို့ ရေနစ်မြှုပ်နေကြောင်း ဒေသခံများမှ AB News သို့ပြောသည်။
ရေနစ်မြှုပ်နေသည့် နေရာများမှာ မင်းသားတောင်ရွာ၊ သာယာကုန်းရွာ၊ စပါးဆိပ်ရွာ၊ မဟာမုနိရွာ အပြင် သရက်တပင်စျေး နှင့် ညောင်ချောင်း၊ရွာမပြင် ရွာတို့ ရေနစ်မြုပ်နေသည့်အပြင် အဝေးပြေးကားလမ်းမလည်း ရေနစ်မြုပ်နေကြောင်း သိရသည်။
ဒေသခံတစ်ဦးက “အဲဒီနေရာတွေက မြေနိမ့်ပိုင်းတွေလည်းဖြစ်တယ်။မိုးကလည်းအဆက်မပြတ်ရွာတော့ တောင်ကျရေတွေ အကျများတာကြောင့် ဒီရေတိုးပြီး ရေနစ်မြှုပ်နေတာပါ” ဟု ပြောသည်။
ရေနစ်မြုပ်နေသည့် နေရာများမှ ပြည်သူများမှာ သွားလာရေးနှင့် စားရေး သောက်ရေးများအခက်ကြုံနေကြရပြီး ရက်ပိုင်းအတွင်း မိုးမစဲ ရေမကျလျှင် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ညောင်ချောင်းရွာသား တစ်ဦးက ပြောသည်။
“မိုးက အဆက်မပြတ် ရွာနေတော့ ရေက တောက်လျှောက်ကို တက်လာနေတယ်။ အခုတောင် ထမင်းချက်စားဖို့ နေရာမရှိဘူး။ ဆန်စပါးတွေလည်း ရေစိုကုန်ပြီ။ ဒီအတိုင်းသာ မိုးမစဲဘဲ ဆက်ရွာနေရင် စားဝတ်နေရေး အခက်ကြုံလာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ရေနစ်မြှုပ်နေသည့် နေရာများမှ ဒေသခံပြည်သူများမှာလည်း ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
ထို့အပြင် ရက္ခိုင်ဒေသအတွင်း မြို့နယ်တစ်ချို့မြေနိမ့်ပိုင်းဒေသများတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နေရာတစ်ချို့ရေနစ်မြှုပ်နေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိ ရှိရသည်။






