
AB News – နိုဝင်ဘာ ၂၂၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ယမန်နေ့ နေ့လည်ပိုင်းက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးသွားခဲ့ပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကော်မရှင်တပ်က ကျိန္တလီမြို့၊ အမှတ် ၁ ရပ်ကွက်ကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဗုံးကြဲမှုကြောင့် အသက် ၇ နှစ်အရွယ် မောင်ချမ်းဘုန်းသက် သေဆုံးသွားခဲ့ရပြီး အသက် ၃၀ အရွယ် ကိုမြတ်သူရစိုးနှင့် အသက် ၄၀ အရွယ် ဦးငြိမ်းချမ်း တို့ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရသည်။
ထို့ပြင် နိုဝင်ဘာလ ၂၀ ရက်နေ့၊ ညနေပိုင်းကလည်း မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာအနီးဝန်းကျင်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံး ၂ လုံးကြဲချတိုက်ခိုက်မှုကြောင့် နွား ၂ ကောင်သေဆုံးသွားခဲ့ရသည်။
ယခုလို အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသော အကြမ်းဖက် စစ်ကော်မရှင်တပ်ကို ထိထိ ရောက်ရောက်အရေးယူပေးရန် ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။