
AB News – နိုဝင်ဘာ ၂၊ ၂၀၂၅
ဖြိုးဇော်
ရက္ခိုင်ရှိ ရင်ခွင်မဲ့ ကလေးသူငယ်များ ပြုစု စောင့်ရှောက်ရေး ဂေဟာတစ်ခုဖြစ်သည့် ” ဂေါတမီရင်ခွင် ” ဂေဟာမှ ကလေးသူငယ်များအပေါ် မတရားညှဉ်းပန်းနှိပ်စက်မှုများ မပြုလုပ်ကြရန်အတွက် ယမန်နေ့၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် STOP CHILD ABUSE ဆောင်ပုဒ်ဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် အလေးအနက် တောင်းဆိုလိုက်သည်။
“ဂေါတမီရင်ခွင်”ဂေဟာသည် ကလေးသူငယ်များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် နှုတ်ဖြင့်ပြုမူပြောဆိုမှုများ၊ အသက်အရွယ်နှင့်မလိုက်အောင် အတင်းအဓမ္မ ခိုင်းစေခြင်းများအား ပြင်းထန်စွာ ရှုတ်ချပြီး၊ ယင်းပြုမူလုပ်ဆောင်မှုများကို ရပ်တန့်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။
ကလေးငယ်များ၏ လူ့ဂုဏ်သိက္ခာနှင့်အညီ ရပိုင်ခွင့်များနှင့် အခွင့်အရေးများကို တားမြစ်ပိတ်ပင်မှုများ မပြုလုပ်ဘဲ၊ စာနာထောက်ထားသည့် စိတ်ဓာတ်ဖြင့်သာ ၎င်းတို့၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ တွေးတောဆင်ခြင်၍ လုပ်ဆောင်ပေးရန် အလေးပေး တိုက်တွန်းထားသည်။
ထို့ပြင် ကိုယ်ထိလက်ရောက် အကြမ်းဖက် ကျူးလွန်နေမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ရပါကလည်း မသိကျိုးကျွန်မပြုဘဲ၊ ဝင်ရောက်တားဆီးပေးကြရန် ပြည်သူလူထုတစ်ရပ်လုံးကို နှိုးဆော်ထားသည်။
“ဂေါတမီရင်ခွင် “ကို ဦးစီးတည်ထောင်သူ ဒေါ်နှင်းဇာဖြူက မီဒီယာများကို ဖြေကြားရာတွင် ခိုလှုံရာ ရင်ခွင်ပျောက်ဆုံးနေသည့် ကလေးသူငယ်များအတွက် ဘေးကင်းလုံခြုံသော အသိုက်အမြုံတစ်ခု ဖန်တီးပေးရန် ရည်ရွယ်ချက် မူပန်းတိုင်ဖြင့် ဂေဟာကို စတင်တည်ထောင်ခဲ့ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။
ဂေဟာတည်ထောင်ခဲ့သည်မှာ ခြောက်လကျော်ကာလသို့ ရောက်ရှိလာပြီး၊ ယခုလက်ရှိတွင် မွေးကင်းစမှ ၁၀ နှစ်အရွယ်ရှိသော ကလေးငယ် ၁၆ ဦးကို ပြုစုစောင့်ရှောက်ပေးထားကြောင်း သိရသည်။
တည်ထောင်သူ၏ ရည်ရွယ်ချက်မှာ အကြောင်းအမျိုးမျိုးကြောင့် ခိုလှုံအားထားရာ ရင်ခွင်ကွယ်ပျောက်နေသော ကလေးသူငယ်များအတွက် ခိုလှုံအားထားရာ အသိုက်အမြုံရပ်ဝန်းတစ်ခုဖြစ်စေရန်ဖြစ်ပြီး၊ ရက္ခိုင်ပြည်အတွင်း ရင်ခွင်ပျောက်နေသော ကလေးများအား လူမျိုးဘာသာမရွေး၊ အသားအရောင်မရွေး လက်ခံစောင့်ရှောက်မည်ဖြစ်ကြောင်း ဆိုသည်။
ဂေဟာတာဝန်ခံများသည် ကလေးငယ်များကို ၎င်းတို့၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ နွေးထွေးလုံခြုံစွာ ပြုစုစောင့်ရှောက်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း Committee on the Rights of the Child (CRC)ကို ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုး သဘောတူခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်ငြားလည်း၊ ယင်းကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးမှု အားနည်းလျက်ရှိသည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။
အထူးသဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် ကလေးသူငယ်အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ချိုးဖောက်မှုများသည် ပိုမို၍ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး နိုင်ငံအတွင်းရှိ ကလေးသူငယ်များအပေါ် အကျပ်အတည်းအဆင့်သို့ တိုးမြင့်သက်ရောက်မှုရှိလာသည်။
လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများ၏ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ကလေးသူငယ်များ အသက်ဆုံးရှုံးမှုအပြင်၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများပါ ပိုမိုမြင့်မားလာသည်ကိုမျက်ဝါးထင်ထင် မြင်တွေ့နေရသည်။