သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းနယ်စပ်ကို ကြောက်မက်ဖွယ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း Fortify Rights ပြော

AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၅
မျိုးဟိန်း

စစ်ကော်မရှင်(စကမ)သည် ၎င်း၏အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြကာ ကရင်နီပြည်နယ် နှင့် ကရင်နီ-ရှမ်းနယ်စပ်များကို ကြောက်မက်ဖွယ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် Fortify Rights အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကြောက်မက်ဖွယ်လေကြောင်းတိုက်ခိုက်မှုများကို စကမ သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်အတွင်း အရပ်သားပြည်သူ ၅၅ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ယင်းထဲတွင် အသက်မပြည့်သည့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

ထိုနယ်စပ်ဒေသများတွင် စကမ သည် အသက်အန္တရာယ်ရှိစေသည့် မတရားတိုက်ပွဲများဖော်ဆောင်ကာ စာသင်ကျောင်းများ၊ ဘုရားကျောင်းများ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းများကဲ့သို့ အရပ်သားအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းပစ်မှတ်ထားကာ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ဆိုသည်။

“နိုင်ငံရေး၊ စစ်ရေး အကျိုးအမြတ်ရဖို့အတွက် စစ်အုပ်စုကျင့်သုံးနေတဲ့ စစ်ဗျူဟာက အတုအယောင်ရွေးကောက်ပွဲမတိုင်ခင်မှာ အရပ်ပြည်သူတွေကို ပိုပြီး ဖိနှိပ်အကြမ်းဖက်တာတွေအပြင် ဆေးရုံတွေ၊ စာသင်ကျောင်းတွေလို အရေးကြီးတဲ့ အရပ်အဆောက်အအုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာမျိုးပါ” ဟု Fortify Rights မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ စိုင်းအာကာက ပြောသည်။
အစီရင်ခံစာထုတ်ပြန်ရန် Fortify Rights အနေဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက်ရှင်ကျန်ရစ်သူများ၊ မျက်မြင်သက်သေများ၊ ကယ်ဆယ်ရေးဝန်းထမ်းများနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များအပါအဝင် စုစုပေါင်းပြည်သူ (၁၅) ဦးကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (စစ်ဥပဒေ) အရ စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများနေထိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားမတိုက်ခိုက်ရန် တားမြစ်ထားသော်လည်း စကမ မှ လိုက်နာခြင်းမရှိသည်ကို တွေ့ရကြောင်း ဆိုသည်။

ထို့ကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ အာဏာသိမ်းစစ်ကော်မရှင်၏ လက်နက်နှင့်လေယာဥ်ဆီတင်သွင်းသုံးစွဲမှုကို ချက်ချင်းအရေးယူပိတ်ဆို့ရန် တိုက်တွန်းထားပြီး နိုင်ငံရေးအတိုက်အခံများအပေါ် ညှင်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးအကျဥ်းချခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ဆက်တိုက်ကျူးလွန်နေသောကြောင့် စကမ၏ အတုအယောင်ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုရန် Fortify Rights အဖွဲ့မှ တောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ