ကျောက်ကြီး-မုန်းကားလမ်းတွင် တိုက်ပွဲ ဖြစ်ပွား စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် ၆ ဦးသေ၊ ၁၆ ဦးဒဏ်ရာရ
AB News-စက်တင်ဘာ ၄၊ ၂၀၂၅
ဒေဝီ

ပဲခူးတိုင်း၊ ကျောက်ကြီး–မုန်းကားလမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက စက်တင်ဘာ ၂ ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦး အပါအဝင် စစ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့သော်လည်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုများသဖြင့် စစ်ကြောင်းပြန်ဆုတ်ခွာသွားခဲ့သည်။
လတ်တလောတွင် စစ်ကောင်စီတပ်ဘက်မှ အဆိုပါ ကားလမ်းတစ်လျှောက် လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ရွာခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးရာသီဖြစ်သဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း KNU က ဖော်ပြသည်။