
ဟိန်းထွန်း – ရေးသည်။
AB News – ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးသမိုင်းစာမျက်နှာတွင် အလှည့်အပြောင်းအကြီးမားဆုံးဖြစ်လာမည့် (၁၃) ကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲသည် လာမည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်သည်။
အမတ်နေရာ (၃၀၀) အတွက် ယှဉ်ပြိုင်မည့် ယခုရွေးကောက်ပွဲသည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheikh Hasina) ခေတ်အလွန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လမ်းဟောင်းအတိုင်း ပြန်သွားမလား၊ ဒီမိုကရေစီ လမ်းသစ်ကို ဖောက်မလားဆိုသည့် အရေးကြီးသော မေးခွန်းအတွက် အဖြေဖြစ်လာမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။
၁။ BNP နှင့် Tarique Rahman ၏ ခေတ်သစ်နိုင်ငံရေး ဗျူဟာ
လက်ရှိတွင် လူထုထောက်ခံမှု အမြင့်မားဆုံးအဖြစ် ရေပန်းစားနေသည်မှာ Bangladesh Nationalist Party (BNP) ဖြစ်သည်။ ပါတီဥက္ကဋ္ဌ တာရစ်ရ်ခ်မာန် (Tarique Rahman) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် သူ၏ “အားလုံးပါဝင်နိုင်သော နိုင်ငံရေး” (Inclusive Politics) မူဝါဒကို ချပြခဲ့သည်။
Tarique Rahman ၏ ပြောကြားချက်များထဲတွင် စိတ်ဝင်စားစရာအကောင်းဆုံးမှာ ပြိုင်ဘက်ဟောင်း အဝါမီလိဂ် (Awami League) အပေါ် ထားရှိသည့် သဘောထားဖြစ်သည်။
ပြည်သူလူထုက လက်ခံပါက ရှိတ်ဟာဆီနာ၏ မိသားစုဝင်များကိုပင် နိုင်ငံရေးလုပ်ခွင့်ပေးမည်ဟု ဆိုခြင်းသည် နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သည့် ကလဲ့စားချေ နိုင်ငံရေးသံသရာကို ဖြတ်တောက်လိုသည့်သဘော ဖြစ်သည်။
ထို့အပြင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား ဟန်ချက်ညီညီ ဆက်ဆံရေး တည်ဆောက်မည့်အပြင်၊ မူဆလင်များအရေးတွင်လည်း လူသားချင်းစာနာမှုနှင့် ဘေးကင်းလုံခြုံမှုကို ရှေးရှုမည်ဟု ဆိုထားရာ နိုင်ငံတကာ၏ ထောက်ခံမှုကိုပါ တပြိုင်နက် ရယူနိုင်ခဲ့သည်ကို တွေ့ရသည်။
၂။ Jamaat-e-Islami ၏ စိန်ခေါ်မှုနှင့် အနာဂတ်စိုးရိမ်ရမှုများ
အဝါမီလိဂ် ဆုတ်ခွာသွားသည့် နောက်ပိုင်းတွင် ဒုတိယအင်အား အကြီးဆုံးဖြစ်လာသည့် Jamaat-e-Islami ပါတီမှာမူ မူဝါဒပိုင်းဆိုင်ရာအရ အငြင်းပွားဖွယ်ရာများစွာ ရှိနေဆဲဖြစ်သည်။
အာဖဂန်နစ္စတန်ရှိ တာလီဘန်စနစ်ကဲ့သို့သော တင်းကျပ်သည့် အစ္စလာမ်မစ်ဝါဒကို ကျင့်သုံးလိုခြင်း၊ အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်လိုခြင်းနှင့် အတိတ်က ပါကစ္စတန်နှင့် ပူးပေါင်းခဲ့သည့် သမိုင်းကြောင်းများကြောင့် ၎င်းတို့အပေါ် သံသယများ ရှိနေသည်။
Jamaat ပါတီအတွက် ယခုရွေးကောက်ပွဲသည် အလွန်အရေးကြီးသည်။ အကယ်၍
ရွေးကောက်ပွဲတွင် အနိုင်မရရှိဘဲ အနာဂတ်၌ အဝါမီလိဂ်ပါတီ ပြန်လည်ခေါင်းထောင်လာပါက ရှိတ်ဟာဆီနာအစိုးရ ဖြုတ်ချခံရမှုတွင် အဓိကလက်သည်ဟု ယူဆခံထားရသော Jamaat အဖွဲ့ဝင်များအတွက် ကြီးမားသော နိုင်ငံရေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိသည်။
၃။ နယ်စပ်ဒေသနှင့် လူနည်းစုများ၏ အဆုံးအဖြတ်
ယခုရွေးကောက်ပွဲ၏ ထူးခြားချက်မှာ ရက္ခိုင်နယ်စပ်နှင့် စစ်တကောင်းတောင်တန်းဒေသ (CHT) တို့တွင် တွေ့ရသည့် မဲပေးမှုပုံစံများဖြစ်သည်။
Ukhia-Teknaf (Seat 297): ဒေသတွင် Jamaat-e-Islami မှ အနဝါရီ (Anuwari) က ၅၀% ဖြင့် ဦးဆောင်နေပြီး BNP မှ ရှာဂျာဟန် (Shah Jahan Chowdhory) က ၄၅% ဖြင့် ထောက်ခံမှု ရရှိထားသည်။
ဒုက္ခသည်စခန်းများနှင့် ဆက်စပ်နေသောနယ်မြေတွင် ဘာသာရေးအခြေခံဝါဒက အလုပ်ဖြစ်နေသည်ကို တွေ့ရသည်။
စစ်တကောင်းတောင်တန်းဒေသ (CHT) နေရာတွင်မူ BNP က လူနည်းစုများကို ပိုမိုနေရာပေးထားသည်။
ဘန်ဒရဗန်တွင် သာစိန်ဖြူ (ဗိုလ်မင်းမျိုးနွယ်)၊ ရန်ဂါမာတီတွင် Depen Dewan (Chakma) စသည့် မျိုးနွယ်စုခေါင်းဆောင်များကို ကိုယ်စားလှယ်အဖြစ် ထားရှိခြင်းက BNP ကို လူမျိုးစုအားလုံးက ယုံကြည်ရသည့် ပါတီတစ်ခုအဖြစ် ပုံဖော်ပေးလိုက်ခြင်း ဖြစ်သည်။
၄။ မူဆလင်အရေးနှင့် ဒေသတွင်း တည်ငြိမ်ရေး
ရွေးကောက်ပွဲရလဒ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမည်ဖြစ်သည်။ BNP ဥက္ကဋ္ဌက မူဆလင်များအား ဘေးကင်းသည့်အချိန်အထိ လက်ခံထားမည်ဟု ဆိုထားခြင်းက နယ်စပ်အငြင်းပွားမှုများကို လျှော့ချနိုင်ခြေရှိသည်။
သို့သော် Jamaat-e-Islami ကဲ့သို့သော အဖွဲ့များက အစွန်းရောက်အဖွဲ့အစည်းအချို့နှင့် ဆက်စပ်မှုရှိသည်ဟူသော စွပ်စွဲချက်များကြောင့် ၎င်းတို့အနိုင်ရခဲ့ပါက နယ်စပ်လုံခြုံရေးမှာ ပိုမိုရှုပ်ထွေးသွားနိုင်သည့် စိုးရိမ်မှုများလည်း ရှိနေသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထွက်ပေါ်လာမည့် ရလဒ်သည် Tarique Rahman ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်မည်လား သို့မဟုတ် ဝါဒရေးရာ အစွန်းရောက်မှုများကြားတွင် ဘင်္ဂလားဒေ့ရှ်ကို မရေရာမှုများဆီသို့ တွန်းပို့လိုက်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
လက်ရှိ နိုင်ငံရေးလေ့လာသုံးသပ်ချက်များအရ လူထုအချို့အတွင်း ဒီမိုကရေစီကို ယုံကြည်သော၊ အိမ်နီးချင်းနိုင်ငံများနှင့် သင့်မြတ်ရေးကို ဦးစားပေးသော၊ အားလုံးပါဝင်နိုင်သော နိုင်ငံရေးလမ်းစဉ်အပေါ် မျှော်လင့်ချက်ထားလာကြသည်ကို တွေ့ရသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အဖြေကမှာ မဲပုံးများထဲမှသာ ထွက်ပေါ်လာမည်ဖြစ်သည်။