
AB News – ဧပြီ ၇၊ ၂၀၂၅
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (TNLA) က ၎င်းတို့၏ တပ်မဟာ (၂) နယ်မြေအတွင်းရှိ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံး (၃) လုံး ကြဲချခဲ့ကြောင်းဧပြီလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။
TNLA ၏ အဆိုအရ တောင်ခမ်းကျေးရွာရှိ (၉၀၂) တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေစဉ် နေ့လည် ၂ နာရီတွင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများကို လာရောက် ကြဲချခဲ့ခြင်းဖြစ်သည်။
ဧပြီလ (၂)ရက်မှ (၂၂)ရက်အထိ ရက်ပေါင်း (၂၀)ကြာ အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားသော စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသော ဒေသများသို့ စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းတို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း TNLA က ဆိုသည်။
ထို့ပြင် လွန်ခဲ့သော ရက်များအတွင်းကလည်း မိုးကုတ်မြို့၏ အနောက်ပိုင်းနှင့် နောင်ချိုမြို့နယ်ရှိ နောင်လင်ကျေးရွာနှင့် နိမ့်ဆောင်ဟူးကျေးရွာတို့ကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအနှံ့အပြား၌ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်နေချိန်၌ပင် စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်အတွင်းသို့ ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။
TNLA က စစ်ကောင်စီသည် အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားသော်လည်း ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာခြင်းမရှိဘဲ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။