
AB News-မတ် ၁၁၊ ၂၀၂၅
ဘင်္ဂလားဒေ့ချ်ဒုက္ခသည်စခန်းများတွင် လူငယ်များကို စုဆောင်းနေသည့် ARA အစ္စလာမ်မစ် စစ်သွေးကြွ အကြမ်းဖက်မူဆလင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် မိုဟာမက်အာယုဘ်ကို တပ်ဖွဲ့ဝင်နှစ်ဦးနှင့်အတူ ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် ဘင်္ဂလားဒေ့ချ်ရဲတပ်ရင်း APBN က ဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရသည်။
ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် အကြမ်းဖက်မူဆလင် လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ARA နှင့် RSO တို့ မတ်လ ၈ ရက်နေ့တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။
၎င်းပစ်ခတ်မှုအတွင်း ဒုက္ခသည် ၁ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ARA အဖွဲ့သည် အပြစ်မဲ့မူဆလင်ဒုက္ခသည်များကို လူကုန်ကူးခြင်း၊ လူသတ်မှု၊ ပြန်ပေးဆွဲငွေညှစ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း နှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုများကို လုပ်ဆောင်နေကြောင်းသိရသည်။
ထို့အပြင် မိုဟာမက်အာယုဘ်သည် ဒုက္ခသည်စခန်းများတွင် အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် လူသစ်စု ဆောင်းပြီး ရက္ခိုင်-မူဆလင် လူမျိုးရေးပဋိပက္ခအသွင် ဖန်တီးနေသူ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့တွင် ARA ၏ ခေါင်းဆောင်ဟောင်း နိုဘီဟူသည် ဒုက္ခသည်စခန်း ခေါင်းဆောင်များနှင့် မူဆလင်အများအပြားကို သတ်ဖြတ်မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့်အပြင် လအနည်းငယ် အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ချ်မူဆလင် ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မူဆလင်များသည် ကြောက်ရွံ စိုးရိမ်မှုနှင့် ရင်ဆိုင်နေရပြီး ရာဇဝတ်မှုကျူးလွန်သူများကို ထိထိရောက်ရောက်အရေးယူရန် တောင်းဆိုမှုများလည်း ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ-ARA ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက်အာယုဘ်အား ဘင်္ဂလားဒေ့ရှ်ရဲ ၂ ဦးနှင့်အတူ တွေ့ရစဥ်