
AB News – ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၆
Marlar Win
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ Chom Thong ခရိုင်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြန်မာအမျိုးသား ၄ ဦး၏ ရိုက်နှက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် အမေရိကန်အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြသည်။
အဆိုပါ မြန်မာများနှင့် အမေရိကန်တို့သည် အဆောင်တခုထဲ၌ နေထိုင်ကြသူများဖြစ်ပြီး ထို ၄ ဦးထဲမှ ၁ ဦး၏ညီမဖြစ်သူနှင့် သေဆုံးသူ အမေရိကန်နိုင်ငံသားမှာ ရည်းစားဟောင်းများဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် အမေရိကန်အမျိုးသားတွင် ဓားဒဏ်ရာ ၅ ချက် တွေ့ရှိရပြီး ရိုက်နှက်ခံရမှုကြောင့် ခြေထောက် နှစ်ဖက်လုံး ကျိုးနေသည်ကိုတွေ့ရပြီး ရုပ်အလောင်းအား Siriraj ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အမေရိကန်နိုင်ငံသားမှာ ၎င်း၏ရည်းစားဟောင်း မြန်မာအမျိုးသမီး၏ အခန်းသို့ ဓားကိုင်ဆောင်ကာ ရောက်ရှိလာခဲ့သဖြင့် အစ်ကိုဖြစ်သူအပါအဝင် သူငယ်ချင်းများနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် အမေရိကန်နိုင်ငံသား ထပ်မံ ရောက်ရှိလာခဲ့ပြီး ဓားဖြင့်ထိုးရန် ကြိုးစားခဲ့ရာ မြန်မာအမျိုးသား ၄ ဦးက ကာကွယ်သည့်အနေဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ၎င်းအား သတ်ရန်ရည်ရွယ်ချက် မရှိခဲ့ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါအမှုကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူ ၄ ဦးအား မည်သည့်ပုဒ်မများဖြင့် အရေးယူမည်ကို အတည်မပြုရသေးကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း မြန်မာအမျိုးသား ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။