
ဒေဝီ
ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမည့် အခြေအနေရှိနေသေး၍ ဒီမိုကရက်တစ်အဖွဲ့အစည်းများကို ခိုင်မာစေရေးအတွက် သမိုင်းကနေ သင်ခန်းစာယူကြရန် ကာကွယ်ရေးဝန်ကြီး ဖွမ်ထမ် ဝေ့ချာယာချိုင်းက သတိပေးလိုက်ကြောင်း သိရသည်။
မေလ ၂၂ ရက်က ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အမျိုးသားကောင်စီ (NCPO) က ပြုလုပ်သည့် ၂၀၁၄ ခုနှစ် အာဏာသိမ်းခဲ့ခြင်း၏ ၁၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ၎င်းက ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည့် ဖြတ်လမ်းများကို ရှောင်ရှားရန်အတွက် သည်းခံခြင်းနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များကို လိုက်နာရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။
ယင်းအပြင် ရှပ်နီခေါင်းဆောင်ဟောင်းလည်းဖြစ်ပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီညီညွတ်ရေးတပ်ဦး – UDD ဥက္ကဌဟောင်းလည်းဖြစ်သည့် မစ္စတီဒါတာဝန်ဆိသ်က ထိုင်းနိုင်ငံတွင်အထက်လွှတ်တော် ရွေးကောက်ပွဲကျင်းပခဲ့ရာ၌ ငွေကြေးခဝါချပြီး မဲလိမ်၊ မဲဝယ်မသမာမှု စွပ်စွဲချက်များကြောင့် စစ်တပ်က အာဏာထပ်သိမ်းမည်ကို ကြောက်ရွံ့နေရပြီဖြစ်ကြောင်း မေလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။
ယခင် ထိုင်းစစ်တပ်က ရွေးကောက်မခံရဘဲ အသင့်ခန့်ထားသည့် ကိုယ်စားလှယ်များသာ ကြီးစိုးထားသော ထိုင်းအထက်လွှတ်တော်သည် ပြီးခဲ့သည့်နှစ် ဇွန်လက နောက်ဆုံး မဲပေးရွေးချယ်မှုတွင် အမတ် ၉၂ ယောက်အထိ ငွေကြေးခဝါချခြင်းနှင့် တရားမဝင်မဲဝယ်၊ မဲမသမာမှုများလုပ်ဆောင်ခဲ့ကြောင်း အခိုင်အမာစွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
ထိုအခြေအနေများအား ရွေးကောက်ပွဲကော်မရှင်သည် ယခုအမှုကို အလုံးစုံပေါ်ပေါက်သည်အထိ စစ်ဆေးဖော်ထုတ်နိုင်ရန် အထူးလိုအပ်ကြောင်း အတိတ်က ခြေလှမ်းအမှားများစွာကို ရွေးကောက်ပွဲကော်မရှင်က လုပ်ခဲ့သော်လည်း ယခု နိုင်ငံရေးအကျပ်အတည်း ဖြစ်ပွားလာမှုအား မဖော်ထုတ်နိုင်ပါက အစဉ်အလာအတိုင်း ထိုင်းစစ်တပ်မှ စစ်အာဏာပြန်သိမ်းမည့် အဖြစ်သို့ ဆိုက်ရောက်ဦးမည်သာဖြစ်ကာ ယခုတစ်ကြိမ် စစ်အာဏာသိမ်းလျှင် ကျရှုံးနိုင်ငံ (failed state) ဆိုသည်ထက် ပိုဆိုးသော အဖတ်ဆယ်မရသည့် နိုင်ငံဖြစ်သွားတော့မည်ဟု မစ္စတီဒါတာဝန်ဆိသ်က သတိပေး ပြောဆိုသွားခဲ့သည်။