
AB News – ဧပြီ ၆၊ ၂၀၂၅
ပဲခူးတိုင်းအတွင်းမှ ညောင်ကျိုးစခန်းဗျူဟာကုန်းကို ဧပြီလ ၂ ရက်နေ့မှစ၍ အလုံးစုံသိမ်းပိုက်ထားကြောင်း အာရက္ခတပ်တော်မှ ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
၎င်းညောင်ကျိုးစခန်းကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၆ ရက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အာရက္ခတပ်တော်သည် ဧပြီလ ၁ ရက်နေ့မှစ၍ ညီနောင်မဟာမိတ်များနှင့် တစ်လတာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကာ မည်သည့်ထိုးစစ်မှ မပြုလုပ်ဘဲ စစ်ကောင်စီ၏ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရဲဘော်များ ထိခိုက်၊ သေဆုံးသည့်တိုင်အောင် ၎င်းတို့၏ ထုတ်ပြန်ချက်ကို လိုက်နာခဲ့ကြောင်း ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ ရသည့် စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော်များအပါအဝင် အခြားသော ဒေသအချို့မှ ငလျင် ဒဏ်သင့်ပြည်သူ လူထုများကို လူသားချင်းစာနာထောက်ထားသောစိတ်၊ ပြည်ထောင်စု စိတ်ဓာတ်အပြည့် ရှိသော ကြောင့် အပစ်အခတ်ရပ်တန့်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း ရက္ခိုင်ပြည်မှ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ မြို့နယ်များမှ ကျေးရွာများသို့ လက်နက်ကြီးများရမ်းသန်း ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် Drop ဗုံးများကြဲချခြင်း၊ စစ်ရေယာဥ်များမှ ပစ်ခတ်ခြင်းများကို နေ့စဥ်ပြုလုပ်နေ ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင်လည်း ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များရှိရာနေရာသို့ စစ်ကောင်စီမှ Y12 ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီသည် ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသည့် အပစ်အခတ်ရပ်စဲရေး ကို လိုက်နာခြင်းမရှိဘဲ ကြည်း၊ ရေ၊ လေ တို့ဖြင့် အာရက္ခတပ်တော်နှင့် ရက္ခိုင်ပြည်သူများအားထိုးစစ်ဆင်တိုက်ခိုက်မှုများ နေ့စဥ်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။