
AB News – ဇူလိုင် ၁၁၊ ၂၀၂၅
နွယ်စိုး
အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) သည် ရက္ခိုင်ပြည်သူများအတွက် လက်လှမ်းမီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ရန်နှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် ရည်ရွယ်၍ အခြေခံကျန်းမာရေးသင်တန်းများကို ဖွင့်လှစ်လျက်ရှိကြောင်း ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါသင်တန်းများသည် ရက္ခိုင်ပြည်သူများအတွက် အထောက်အကူပြုရန် ရည်ရွယ်ပြီး၊ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း ဆိုသည်။
သင်တန်းကာလနှင့် သင်တန်းသားဦးရေ
လက်ရှိဖွင့်လှစ်ထားသော ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စုစုပေါင်း ၈ လကြာမြင့်မည် ဖြစ်သည်။
ပထမအသုတ် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၀၀ ဝန်းကျင် ဖြင့် စတင်ခဲ့ကြောင်း သိရသည်။
သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်မည်ဖြစ်ပြီး၊ ကျေးလက်ကျန်းမာရေးဌာနများ၏ ဝန်ထမ်းလိုအပ်ချက်အပေါ် မူတည်၍ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) အဖြစ် အလုပ်ခန့်အပ်သွားမည် ဖြစ်ကြောင်း AHD ကထုတ်ပြန်ထားသည်။
AHD သည် အာရက္ခပြည်အတွင်းရှိ လူငယ်လူရွယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို တပြိုင်တည်း ဖော်ဆောင်ပေးရန် ရည်ရွယ်ထားသည်။
လက်ရှိဖွင့်လှစ်ထားသော သင်တန်းများအပြင် အခြေအနေနှင့် အခွင့်အရေးများအပေါ် မူတည်၍ အခြားသော ပြည်သူ့ကျန်းမာရေးနှင့် သက်ဆိုင်သည့် ဘက်စုံအကျိုးဖြစ်ထွန်းစေမည့် သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
AHD ၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများအစီအစဉ် (Public Health Training Program) အောက်တွင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) အပြင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) စသည့် သင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များရှိနေသော်လည်း အာရက္ခပြည်အတွင်းမှ တိုင်းချစ်ပြည်ချစ် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအပြင် ပြည်မဘက်မှ ရောက်ရှိလာသော ပြည်သူ့စေတနာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ တဖြည်းဖြည်းအကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင်လည်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ဆက်လက်လိုအပ်နေသောကြောင့် အာရက္ခပြည်သူများအပေါ် စေတနာထားပြီး တာဝန်ထမ်းဆောင်လိုသည့် မည်သည့်လူမျိုးမဆိုသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် လာရောက်တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ထားသည်။