
AB News – ဧပြီ ၆ ၊ ၂၀၂၅
ငလျင်ဘေးသင့် နေရာများရှိ လိုအပ်ချက်များကို လေ့လာရန် မြန်မာနိုင်ငံသို့ စေလွှတ်ခံထားရသည့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုဌာန (USAID) ဝန်ထမ်း ၃ ဦးအား မြန်မာနိုင်ငံတွင်းခရီးထွက်လေ့လာနေစဥ်မှာပင် အမေရိကန်အစိုးရက အလုပ်ထုတ်သည့် အကြောင်းကြားစာပေးပို့ခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
၎င်းဝန်ထမ်းသုံးဦးအား အကြောင်းကြားစာကို သောကြာနေ့တွင် ပေးပို့ခဲ့ပြီး ထိုစာရရှိသည့်အချိန်တွင် ၎င်းဝန်ထမ်းသုံးဦးသည် မန္တလေးမြို့တွင် ရှိနေဆဲဖြစ်ကြောင်း နယူးယောက်တိုင်းသတင်းစာက ရေးသားဖော်ပြထားသည်။
ယင်းသုံးဦးအနက် တစ်ဦးမှာ ဝါရှင်တန်ဒီစီမြို့တော်မှ ဖြစ်ပြီး ကျန်နှစ်ဦးမှာ မနီလာနှင့် ဘန်ကောက်မြို့များမှ ငလျင်ဘေးသင့် နေရာများအတွက် လိုအပ်ချက်များကို လေ့လာရန် မြန်မာနိုင်ငံသို့ ခရီးထွက်လာခဲ့သူများဖြစ်ကြောင်း သိရှိရသည်။
ငလျင်ဘေးအတွက် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဗြိတိန်၊ အိုင်ယာလန်နှင့် ဩစတေးလျ အစရှိသည့်နိုင်ငံများမှ များပြားသော အကူအညီများကို မြန်နိုင်သလောက် မြန်အောင်ပေးနေချိန်တွင် အမေရိကန်၏ လုပ်ဆောင်မှုများသည် အားရစရာမရှိကြောင်း ဝေဖန်မှုများထွက်ပေါ်နေသည်။
အမေရိကန်အစိုးမှ ငလျင်ဘေးသင့် ဒုက္ခသည်များ အတွက် ယခင်က ဒေါ်လာ ၂ သန်းလှုဒါန်းမည်ဟု ကြေညာခဲ့ရာမှ ယမန်နေ့က နောက်ထပ် ၇ သန်း စုစုပေါင်း ၉ သန်းလှုဒါန်းမည်ဟု ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုမှ အမေရိကန်နိုင်ငံသည် ကမ္ဘာကြီး၏ လူသားခြင်းစာနာမူဆိုင်ရာ အကူအညီများအား ဆက်လက်၍ ပခုံးထမ်း မလုပ်ဆောင်နိုင်တော့ကြောင်းနှင့် ကျန်ချမ်းသာသည့်နိုင်ငံများက ပိုမို၍ ဆောင်ရွက်ကြရန် ယမန်နေ့က တုံ့ပြန်ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်သမ္မတဖြစ်လာပြီးနောက် အမေရိကန်နိုင်ငံအတွက်သာလျှင် အဓိကဦးစားပေးဆောင်ရွက်သွားမည်ဆိုကာ ဖက်ဒရယ်ဘဏ္ဍာရေးအသုံးစရိတ်၏ ၁ ရာခိုင်နှုန်းမျှပင်မရှိသော နိုင်ငံတကာအကူအညီပေးရေး ရန်ပုံငွေများကို ဖြတ်တောက်ခဲ့သည့်အပြင် ထိုအကူအညီပေးရေးလုပ်ငန်းများကို စီမံဆောင်ရွက်နေသည့် USAID ဌာနကိုလည်း အားလုံးနီးပါး ဖျက်သိမ်းခဲ့ပြီး ထောင်နှင့်ချီသော ဝန်ထမ်းများကို အလုပ်ဖြုတ်ပစ်ခဲ့သည်။