
AB News – အောက်တိုဘာ ၂၉၊ ၂၀၂၅
မျိုးဟိန်း
စစ်ကော်မရှင် (စကမ) အလိုကျ ရွေးကောက်ပွဲထောက်ခံသည့် ပုံစံဖြင့် ဝါဒဖြန့် ဗီဒီယိုဇာတ်လမ်း ရိုက်ကူးခဲ့သည့် အနုပညာရှင်များကို ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း ရန်ကုန် UG တော်လှန်ရေးအဖွဲ့ (၅) ဖွဲ့မှ ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပူးပေါင်းထုတ်ပြန်သည်။
၎င်းတော်လှန်ရေးအဖွဲ့များတွင် Yangon Army (YA)၊ Dark Shadow၊ Operation Flame (OF)၊ Mother Son Yangon Force နှင့် Broken System အဖွဲ့တို့ပါဝင်သည်။
ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီပြီး ယုံကြည်ချက်ကြောင့် တော်လှန်နေသည့် လူထုအရေးတော်ပုံကို ပုံဖျက်ထားသည် ဟု ဖော်ပြထားသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို မီးရှို့ သတ်ဖြတ် ဖျက်စီးနေသည့် အကြမ်းဖက်စစ်အုပ်စုကို ထပ်မံကျူးလွန်အောင် ထောက်ခံအားပေးနေကြောင်း ဆိုသည်။
“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲ ဝါဒဖြန့် ဗီဒီယိုဇာတ်လမ်းတိုတွင် နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ အောင်တိုး၊ နိုင်လင်း၊ သွက်လက်၊ စူပါလင်း၊ မင်းညို၊ ဥက္ကာပျံရီ၊ ရဲရင့်၊ ရောပျော် နှင့် အောင်ဇင်ဖြိုး စသည့် အနုပညာရှင်များစွာ ပါဝင်ကြောင်း ပြောသည်။
ထိုဝါဒဖြန့် အနုပညာရှင်များအား Boycott &Social punishment ပြင်းပြင်းထန်ထန် လူမှုရေးပြစ်ဒဏ်ခတ်ကြရန် ရန်ကုန် UG အဖွဲ့များမှ ပြည်သူများကို တိုက်တွန်းနှိုးဆော်ထားသည်။
လက်ရှိတွင် ရွေးကောက်ပွဲဝါဒဖြန့်အနုပညာရှင်များကို ပြင်းပြင်းထန်ထန်အရေးယူနိုင်ရန်အတွက် ၎င်းတို့၏ အချက်အလက်များကို ရန်ကုန် UG တော်လှန်ရေး အဖွဲ့များမှ ရရှိထားပြီဖြစ်ကြောင်း ရန်ကုန် UG အဖွဲ့များက ဆိုသည်။