
AB News – ဇန်နဝါရီ ၁၁ ၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် တောင်ဘာဇာရွာ တွင် မိုင်းနင်းမိ၍အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး ဘယ်ဖက်ခြေမျက်စိ အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။
မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိသွားသူမှာ ဘူးသီးတောင်မြို့နယ် ၊တောင်ဘာဇာရပ်ရွာမှ ဖြစ်ပြီး မောင်တောမြို့နယ်အမှတ် ( ၁ ) တိုက်နယ် ဘော်တူလာစျေးတွင် ကုန်ထမ်းနေသူ အသက် ၃၀ နှစ်အရွယ် မြိုအမျိုးသား ဦးမောင်မောင်စိုး ဖြစ်ကြောင်းသိရသည်။
၎င်းသည် ယမန်နေ့ နေ့လယ် ၃ နာရီ ၂၀ မိနစ်အချိန်တွင် ဘော်တူလာ စျေးတွင် တဲဆောက်ရန် နွားစျေးဟောင်း မိုင်တိုင် (၅၀) ဂိတ်အနီး၌ သစ်လုံးခုတ် ပြန်လာစဥ် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ဖက် ခြေမျက်စိအပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် ၎င်းမှာ အရေးပေါ်ဆေးကုသမှု ခံယူနေကြောင်းသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်လည်းမောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် မိုင်းနင်းမိ၍ အသက် ၂၀ အရွယ်လူငယ်တစ်ဦး ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့သည်။
နိုဝင်ဘာ ၁၇ ရက် ၊ ညနေပိုင်းတွင်လည်း မောင်တောမြို့နယ် ၊ ငန်းချောင်းမြောက်ရွာမှ ကျွဲကျောင်းနေစဥ် မြေမြှုပ်မိုင်းနင်းမိ၍ အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့သည်။
အလားတူ နိုဝင်ဘာ ၁၄ ရက်ကလည်း မောင်
တောမြို့နယ် ၊ ခုန်တိုင်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ် မြိုလူမျိုး ဦးဒေါင်ရွိုင်မှာ တောင်ပေါ်သို့ဝါးခုတ်ရန်သွားစဥ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။