AB News – ဧပြီ ၃၀၊ ၂၀၂၅
ရက္ခိုင်ပြည်၊ အနောက်ဘက်နယ်စပ်၊ မောင်တောဒေသတွင်အကြမ်းဖက် အာဆာ (ARSA) အဖွဲ့ဝင်များ ပုန်းခိုနေနိုင်သည်ဟု ယူဆရသော နေရာများကို အာရက္ခတပ်တော်( AA )က အင်တိုက် အားတိုက် လိုက်လံရှာဖွေလျက်ရှိကြောင်း ဒေသခံများက AB News သို့ပြောသည်။
ယခုကဲ့သို့ ARSA အဖွဲ့ဝင်များအား ရှာဖွေခြင်းသည် ဒေသတွင်း လုံခြုံရေးအခြေအနေ တင်းမာနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
အကြမ်းဖက် ARSA အဖွဲ့ သည် ၂၀၁၇ ခုနှစ်တွင် ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်စိုးရတပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရသည်။
သို့သော်လည်း ARSA အဖွဲ့ဝင်အချို့သည် နယ်စပ်ဒေသများတွင် ပြန်လည်စုစည်းကာ လှုပ်ရှားမှုများ ပြုလုပ်နေဆဲ ရှိနေကြောင်း တွေ့ရသည်။
AA က ယခုကဲ့သို့ ARSA အဖွဲ့ဝင်များကို လိုက်လံရှာဖွေရခြင်းမှာ ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန်ဖြစ်ကြောင်း AA နှင့် နီးစပ်သော သတင်းရင်းမြစ် တစ်ဦးက AB News သို့ပြောသည်။
” အခု AA က အာဆာတွေကို အပြင်းအထန် လိုက်လံရှာဖွေနေပါတယ်။ နေ့ဘက်တွေရော၊ ညဘက်တွေရော အာဆာတွေ ပုန်းခိုတဲ့နေရာတွေ၊ ခြုံခို တိုက်ခိုက်တဲ့ နေရာတွေကို အဓိကထားပြီး ရှာနေတာပါ။ ဒီလိုလုပ်တာက တရားဥပဒေစိုးမိုးနိုင်စွမ်းရှိလာမယ်။ ပြည်သူတွေလည်း လုံခြုံလာမယ် ” ဟု ဆိုသည်။
အကြမ်းဖက် ARSA အဖွဲ့၏ လှုပ်ရှားမှုများသည် ဒေသခံပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့်အပြင်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုလည်း ထိခိုက်စေနိုင်သောကြောင့် AA အနေဖြင့် ထိရောက်စွာ တုံ့ပြန်ရန် လိုအပ်လာခြင်းဖြစ်သည်။
ARSA သည် ယခင်ကလည်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပြန်ပေးဆွဲမှုများ၊ ခြုံခိုတိုက်ခိုက်မှုများ နှင့် လူသတ်မှုများကို ကျူးလွန်ခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
မောင်တောကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်းတွင် အကြမ်းဖက် ARSA အဖွဲ့နှင့် AA တို့ ထိတွေ့ ပစ်ခတ်မှုများ ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက် နှင့် ၁၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒါကာမြို့အနီး၌ အကြမ်းဖက် ARSA ၏ ထိပ်သီးခေါင်းဆောင် အာတာအူလ္လာအပါအဝင် အဓိက ခေါင်းဆောင်များကို ဖမ်းဆီးရမိခဲ့သည်။
ယင်းကြောင့် အာဆာအဖွဲ့သည် ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အဓိက လှုပ်ရှားလျက်ရှိပြီး ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဓားပြတိုက်ခြင်း နှင့် ပြန်ပေးဆွဲခြင်း အစရှိသော အကြမ်းဖက် လုပ်ရပ်များ ခပ်စိပ်စိပ် ပြုလုပ်လာသည်ကို AB News ကွင်းဆင်းတွေ့ရှိခဲ့ရသည်။
ဧပြီလ ၂၇ ရက်၊ ညနေပိုင်းအချိန်တွင် AA နှင့် ARSA အကြမ်းဖက်အဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ပြားသားကျေးရွာအနီးတွင် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။
ထို့အပြင် မတ်လ ၂၉ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင်မောင်တောမြို့နယ်၊ မြဝတီကျေးရွာမှ ခရီးသွားပြည်သူ ခမီလူမျိုး ၄ ဦးကို ARSA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
လက်ရှိတွင် AA သည် မောင်တောမြို့နယ်အတွင်းရှိ တောင်တန်းများ၊ သစ်တောများနှင့် လူသူအရောက်အပေါက် နည်းပါးသော ဒေသများတွင် အဓိကထား ရှာဖွေနေကြောင်း သိရသည်။
AA အနေဖြင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို အာမခံနိုင်ရန်နှင့် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်ရန် အရေးတကြီး လိုအပ်ကြောင်း ဒေသခံများက တောင်းဆိုလျက်ရှိသည်။