
AB News- သြဂုတ် ၃၊ ၂၀၂၅
ဒေဝီ
သံတွဲမြို့၊ ဂျိတ္တောရပ်ကွက်ရှိ နေအိမ် ၁ လုံးကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီရေတပ်သည် ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သံတွဲမြို့နယ်၊ ဂျိတ္တော အမှတ် (၄) ရပ်ကွက်ရှိ ဦးအောင်ထွန်း၏ နေအိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲမှုကြောင့် နေအိမ်၏ခေါင်မိုး ပျက်စီးသွားခဲ့သော်လည်း လူအထိအခိုက်မရှိကြောင်း ဒေသခံများက ပြောသည်။
ဒေသခံက တစ်ဦးက “မနေ့က ညနေ ၃ နာရီခွဲကျော်လောက်မှာ ပစ်တာ။ ပင်လယ်ပြင်က ရေတပ်ကနေ လှမ်းပစ်တာပါ၊၊ အသံအကျယ်ကြီး ကြားရတယ်။ ဦးအောင်ထွန်းရဲ့ အိမ်ခေါင်မိုး ပျက်စီးသွားတယ်။ လူတော့ အထိအခိုက်ဘာမှမရှိဘူး” ဟု ဆိုသည်။
ထို့အပြင် ယင်းနေ့ ညနေ ၃ နာရီ ၃၇ မိနစ်ခန့်တွင်လည်း အဆိုပါ ရေတပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ဂျိတ္တော အမှတ် (၄) ရပ်ကွက်ရှိ ဦးစိန်အောင်ကြည်၏ နေအိမ်အနောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည်။
စစ်တွေမြို့ရှိ တပ်ရင်းများနှင့် ရှေ့တန်းကင်းစခန်းများသို့ စစ်အင်အားဖြည့်တင်းနေပြီး နယ်စပ်တစ်လျှောက်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။
စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်လည်ရယူရန် ထိုးစစ်ဆင်ရာတွင် လက်နက်ကြီးများပစ်ကူမှု နှင့် လေကြောင်းတိုက်ခိုက်မှုများ နှင့် ဒရုန်းပစ်ကူမှုများကို အသုံးပြုလေ့ရှိသည်ကို တွေ့ရသည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူများ အသက်ဆုံးရှုံးရခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။