
AB News-ဇူလိုင် ၁၄၊ ၂၀၂၅
မျိုးဟိန်း
မိုးကုတ်မြို့ကို စစ်ကောင်စီက ဇူလိုင် ၁၃ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် မပြည့်သေးသည့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း (PSLF/TNLA) က ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဇူလိုင် ၁၃ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ပန်းမထိပ်အနီး၌ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံးလည်း ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ ဆောင်နှင့် ဇလပ်ဝါ အချိုခြောက်စက်ရုံ ၁ ရုံတို့ ဗုံးစထိမှန် ပျက်စီးခဲ့သည်။
စစ်ကောင်စီသည် PSLF/TNLA ထိန်းချုပ်မြို့ ၄ မြို့ကို နှစ်ပတ်အတွင်း ဂျက်တိုက်လေယာဉ်ဖြင့် စုစုပေါင်း ၉ ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ခံခဲ့ရသည့် မြို့များမှာ ကျောက်မဲမြို့ (၆ ကြိမ်)၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာ (၁ ကြိမ်)၊ မိုးကုတ်မြို့ (၁ ကြိမ်) နှင့် သီပေါမြို့ (၁ ကြိမ်) တို့ဖြစ်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၂ ဦး၊ အရပ်သား ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နေအိမ် ၅၂ ဆောင်၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၄ ကျောင်းတို့လည်း ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PSLF/TNLA က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် ပြည်သူများကို တိုက်တွန်းထားသည်။