
AB News – မေ ၁၊ ၂၀၂၅
မကွေးတိုင်း ယောဒေသ ဆောမြို့နယ်၊ အညာကတင်းကျေးရွာကို စစ်ကောင်စီက ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၈ နှစ်အရွယ်ကလေး ငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီကြဲချခဲ့သော ဗုံးသီးမှာ အညာကတင်းကျေးရွာစာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၆၅ နှစ်အရွယ် ဒေါ်မကြည်လေး၊ အသက် ၅၂ နှစ်အရွယ် ဒေါ်တင်တင်ခိုင်၊ အသက် ၃၈ နှစ်အရွယ် ဒေါ်ပြားသာ တို့သည့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် မခွန်ဆက်ချို မှာ နီးစပ်ရာ ဆေးခန်းသို့ပို့စဥ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။
“ဒီနေ့မနက် ၁၀ ခွဲ ဝန်းကျင်လောက်မှာ ဗုံးလာကြဲတာ။ ခုလို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးလာကြဲတဲ့အတွက် ပြည်သူတွေလည်း တော်တော်စိုးရိမ်ကြောက်လန့်နေကြပါတယ်”ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
ထို့အပြင် အညာကတင်းကျေးရွာစာသင်ကျောင်းအပါအဝင် နေအိမ် ၅ ဆောင်ခန့် ထိခိုက်ပျက်စီးခဲ့ ကြောင်း ယောအလင်းတန်းတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ယောဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ရံဖန်ရံခါပြုလုပ်နေသော ကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ မဖြစ်မနေတူးထားရန်၊ လေကြောင်းအန္တရာယ်သတင်းများ ကို သတိပြုရန် ယောအလင်းတန်းမှ တိုက်တွန်းထားသည်။
ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်တွင်လည်း ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆရာဝန်တစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်သည့် နေရာများ၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများအပြင် ဘာသာရေးအဆောက်အဦးများကို လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။