Arakan Bay News-ဆောင်းပါး
ဆောင်းပါးရှင်-မာမဃ

မနေ့က ဒီဇင်ဘာ ၁၅ ရက်နေ့ (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ အာဏာသိမ်းစစ်တပ်ဟာ သူတို့လက်အောက်ခံ အပေါင်းအပါ တသိုက်ကို စုရုံးပြီးတော့ စစ်တွေ၊ ကျောက်ဖြူမြို့ပေါ်မှာ ရခိုင်ပြည်နယ်နေ့ ဆိုပြီး ပျော်ပွဲရွှင်ပွဲ ပွဲတော်တွေ စည်းကားအောင် ကျင်းပနေခဲ့ကြပါတယ်။
တဖက်မှာလည်း မြောက်ဦးဆေးရုံကို အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရာနဲ့ချီတဲ့ ရက္ခိုင်ပြည်သူတွေရဲ့ ဒဏ်ရာ သွေးညှီနံ့တွေ၊ မျက်ရည်တွေ၊ အစိမ်းသက်သက်ရှိနေတုန်း ဖြစ်ပါတယ်။
အဓိကတော့ စစ်ခေါင်းဆောင်ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့ (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ပွဲတော်ကို အနှစ်သာရ ရှိရှိပြုလုပ်ပေးနေတယ်ဆိုတဲ့ ဟန်ရေးပြ အကြောင်းပြချက်နဲ့ အောင်ပွဲ ခံတာလို့ ဆိုချင်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စကားကို မြေဝယ်မကျနားထောင်တဲ့ အီလစ်လူတန်းစားအလွှာတချို့ကိုလည်း နယ်ပယ် အသီးသီးက သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်တယ်ဆိုပြီး ဘွဲ့တံဆိပ်တွေ ပေးအပ်ခဲ့ပါသေးတယ်။
တခါ စစ်တွေမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ပို့ပေးတဲ့ သဝဏ်လွှာကို သူ့သစ္စာတော်ခံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ဖတ်ပြခဲ့ပါတယ်။
ဆိုတော့ ရခိုင်ပြည်နယ်နေ့ ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။ ရခိုင်ပြည်နယ်နေ့ အနှစ်သာရ ဆိုတာ ဘာလဲ။ ဘာကြောင့် ရခိုင်ပြည်နယ်နေ့ဆိုပြီး စစ်အာဏာရှင်တွေ လုပ်ပေးတာလဲ။ ရက္ခိုင်ပြည်သူတွေရဲ့ ဆန္ဒကဘာ တွေလဲ ဆိုတဲ့ အကြောင်းကို နွေးဆွေးသွားပါမယ်။
ဗြိတိသျှ ဗမာ ကိုလိုနီ ရက္ခိုင်ဒေသ
ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့ သီးခြားရပ်တည်လာခဲ့တဲ့ ရက္ခိုင့်နိုင်ငံတော် နောက်ဆုံး မင်းဆက် မြောက်ဦးခေတ် ၁၇၈၅ ခုနှစ်မှာ ဗမာဘုရင် ဘိုးတော်မင်းရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကို ခံခဲ့ရပါတယ်။
ဒီအချိန်ကစပြီးတော့ ဗမာအင်ပါယာ လက်အောက်သို့ ကျရောက်ခဲ့ပြီးတော့ အင်္ဂလိပ်- ဗမာ ပထမ စစ်ပွဲအပြီး စစ်ရှုံးခဲ့တဲ့ ဗမာမင်းတွေဟာ ၁၈၂၆ ခုနှစ် ဗြိတိသျှ ကိုလိုနီအဖြစ် ပထမဆုံး ပေးလိုက်ပါတယ်။
အဲဒီကနေ ၁၈၈၆ ခုနှစ်၊ တတိယ အင်္ဂလိပ်-စစ်ပွဲအပြီး ဗမာအင်ပါယာ ဗြိတိသျှတို့ လက်အောက်သို့အလုံးစုံ ကျရောက်ပြီးနောက် ရက္ခိုင်ပြည်ဟာလည်း ဗမာပြည်ရဲ့ အစိတ်အပိုင်းတခု ဖြစ်သွားခဲ့ရပါတယ်။ ဒီအချိန်ကစပြီး ရက္ခိုင့်တော်လှန်ရေးခေါင်းဆောင်တွေဟာ အင်္ဂလိပ်၊ ဂျပန်တို့ လက်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့ကြ ပါတယ်။
ရက္ခိုင်ခေါင်းဆောင်တွေရဲ့ အန္တိရည်မှန်းချက်ဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့ ကိုယ်ကံကြမ္မာကိုယ် ဖန်တီးရေး လွတ်လပ်တဲ့ ပြည်တော်သစ်ကို တည်ဆောက်ရေးဆိုတဲ့ အချက်ဖြစ်ပါတယ်။
တိုင်းကနေ ပြည်နယ်သို့
ဒါပေမဲ့ ၁၉၄၈ ခုနှစ် ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ ရက္ခိုင်ပြည်ဟာ ရခိုင်တိုင်းဆိုတဲ့ ဂုဏ်ပိုဒ်နဲ့သာ ကျေနပ် ခဲ့ရပါတယ်။ တခြား လူမျိုးတွေဖြစ်တဲ့ ကချင်၊ ချင်း၊ ရှမ်း၊ ကရင်တွေဟာ ပြည်နယ်အဆင့် ရှိနေခဲ့ပါတယ်။ ရက္ခိုင်ပြည်ဟာ လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ်ကနေ ၁၉၇၄ ခုနှစ် အထိ ၂၆ နှစ်တာကာလကို ရခိုင်တိုင်းအဖြစ်နဲ့ ရှိနေခဲ့တာပါ။
အဲဒီကာလမှာ ဗမာခေါင်းဆောင်တွေရဲ့ စိတ်ကူးစိတ်သန်းကတော့ မွန်လူမျိုးနဲ့ ရခိုင်လူမျိုးတို့ဟာ ဘုရင်ခေတ် တွေနဲ့ သမိုင်း အစဉ်အလာ၊ ကိုးကွယ်ရာဘာသာ၊ ယဉ်ကျေးမှုတို့တူတယ်ဆိုပြီး လူမျိုးအုပ်စုတခုတည်း သွတ်သွင်းဖို့ ကြိုးစားခဲ့ တာလို့ ဆိုရမှာပါ။
လက်တွေ့မှာလည်း တိုင်းဆိုတာ ဗမာကို ကိုယ်စားပြုတဲ့ အင်အားစုအဖြစ် ပုံသွင်းထားတာကို သတိချပ်စေ ချင်ပါ တယ်။ နောက်တချက်က တိုင်းအဖြစ်ရှိနေခြင်းက နိုင်ငံရေး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တဆင့်နှိမ် ထား တာပါ။
သာဓက အနေနဲ့ စစ်ကိုင်းတိုင်း တနင်္သာရီတိုင်းတို့လို ဗမာ လက်အောက်ခံ လူမျိုးစုငယ်အဖြစ်သာ သတ်မှတ်ချင်တာလည်း ဖြစ်နိုင်ပါတယ်။ တနင်္သာရီတိုင်းနေ ထားဝယ်တွေဟာ ထားဝယ်လူမျိုးအဖြစ် လူမသိတော့ဘဲ ဗမာမျိုးနွယ်စုဝင်လို့ သတ်မှတ်ခြင်းခံထားရတာပါ။
ဒီထက်ဆိုးတာက ကိုယ်ပိုင် ရက္ခိုင့်ယဉ်ကျေးမှု အမွေအနှစ်တို့ကို ဗမာ့မူဟန်နဲ့ ရောနှောသမုတ်ပြီး မှုန်ဝါးဝါး အဖြစ်ယူသွားဖို့ အစီစဉ်လည်း ရှိမှာပါ။ ဒါကို ကြိုမြင်တဲ့ ရက္ခိုင်ခေါင်းဆောင်တချို့ဟာ ရခိုင်တိုင်းကနေ ရခိုင် ပြည်နယ် ရရှိရေးအတွက် တောင်းဆိုလာခဲ့ ကြပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ပါတီ (မဆလ) ခေတ် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် ၁၉၇၄ ခုနှစ် မဆလ ဗိုလ်နေဝင်းအစိုးရ လက်ထက်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၃၁) ပုဒ်မခွဲ (ဋ) အရ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့တာပါ။
အဲဒီတုန်းက ရခိုင်ပြည် နယ် ပြည်သူ့ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး ဆန္ဒပြုခဲ့ကြတယ် ဆိုပြီး ဒီဇင်ဘာလ ၁၅ ရက် နေ့ကို ရခိုင်ပြည်နယ်နေ့ အဖြစ် နှစ်သိမ်ဆုပေးပြီး သတ်မှတ်ခဲ့တာပါ။
နေ့ထူးနေ့မြတ်အဖြစ် ပုံဖော်မှု
ရက္ခိုင်လူမျိုးတို့မှာ သမိုင်းကြောင်းဆိုင်ရာ အရေးပါမှု၊ အထိမ်းအမှတ်နေ့များစွာရှိပါတယ်။ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်အဆက်ဆက်အထဲမှာလည်း နေ့ထူးနေ့မြတ်တွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်နေ့ကိုမှ စစ်အာဏာရှင်တို့က ငွေကြေးအကုန်အကျခံပြီး ပြည်နယ်အနှံ့မှာ စည်ကားသိုက် မြိုက်စွာ ကျင်းပပေးလေ့ ရှိနေတာပါ။ အဓိကတော့ ရန်ကုန်၊ စစ်တွေတို့မှာ ထင်ထင်ရှားရှားမြင်ရပါတယ်။
အကြီးကျယ်ဆုံးမြင်ရတာကတော့ ကြံ့ခိုင်ရေး အစိုးရ ဦးသိန်းစိန်ခေတ် ၂၀၁၄ ခုနှစ်မှာ ပြည်နယ်ဝန်ကြီးချုပ် စစ်ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းက ပြည်နယ်နေ့ဆိုပြီး စစ်တွေမြို့မှာ ကြီးကျယ်ခမ်းနားစွာ ပြသခဲ့ပါတယ်။ “ရခိုင်သွေးတွေ စီးဆင်းနေပါတယ်” လို့ ရခိုင်အကြိုက်ပြောခဲ့ပါတယ်။ တခါ NLD အစိုးရ ဝန်ကြီးချုပ် ဦးညီပုကလည်း ပြည်နယ်နေ့ကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့တာကို မြင်ခဲ့ရပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့တိုင်း သမ္မတတို့ စစ်အာဏာရှင်ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ် သာယာလှတဲ့ အကြောင်း ယဉ်ကျေးမှုအမွေအနှစ် ပေါကြွယ်တဲ့ အကြောင်း ချီးမွှမ်းထောပနာပြု စကားအလှချီပြီး သဝဏ်လွှာ တွေ ပေးတတ်ကြပါတယ်။
ဂုတ်သွေးစုပ်ခံထားရတဲ့ ရက္ခိုင်ပြည်
ဒီလို ရခိုင်ပြည်အကြောင်း အကောင်းပြောပြီး ရက္ခိုင်ပြည်ကနေ အကောင်းစားခဲ့ရသူတွေကတော့ စစ်ခေါင်းဆောင် တသိုက်နဲ့ ခေတ်အဆက်ဆက် အာဏာပိုင်ခေါင်းဆောင်တွေ သာဖြစ်ကြပါတယ်။
ရက္ခိုင်ပြည်တွင်း ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတတွေ စုတ်ပြတ်သတ်နေပြီး ဒေသခံ ပြည်သူ တွေဟာ ဒေသထဲမှာ ခံနေခဲ့ရတာထက် မပိုသလို၊ လူမှုစီးပွား ဘဝ တစုံတရာ ထူးမလာဘဲ အဆင်းရဲဆုံးပြည်နယ် အဖြစ်နဲ့ ရှင်သန်ဖို့ ကြိုးစားခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ အခြေခံ ဥပဒေတွေ၊ အာဏာပိုင် အစိုးရတွေ အလီလီပြောင်းလဲခဲ့ပေမယ့် ရက္ခိုင်ပြည်သူ တွေဟာ လှုပ်လေမြုပ်လေ၊ ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်ခဲ့ကြပါဘူး။
ဒီနေ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာလည်း ပြည်နယ်အစိုးရ လုပ်ပိုင် ခွင့် အာဏာခွဲဝေအသုံးပြုခွင့်စတဲ့ အခွင့်အလမ်းတွေ မရှိပါဘူး။ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းကအစ အုပ်ချုပ်ရေး ကဏ္ဍတိုင်းမှာ စစ်အာဏာရှင်တို့ရဲ့ ချုပ်ကိုင်ညွှန်ကြားချက်အတိုင်းသာ နာခံခဲ့ရပါတယ်။ ပညာရေး အောက်ခြေဝန်ထမ်း ကျောင်းလုပ်သား အဆင့်ကိုတောင် နေပြည်တော်က ခန့်အပ်မှ အတည်ပြုရတာပါ။ သယံဇာ တ ခွဲဝေစီမံပိုင်ခွင့်ဆိုရင် ဝေလာဝေးလို့ မြင်ရမှာပါ။
ရေနံ၊ သဘာဝဓာတ်ငွေ့အပြင် နိုင်ငံတကာ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ သဘာဝ အရင်းအမြစ်တွေက ထွက်ရှိလာတဲ့ အကျိုးအမြတ်တို့ကို ရက္ခိုင်ပြည်သူတွေ မခံစားခဲ့ရပါဘူး။ ဒါတွေကတော့ အရှိတရားပါ။
ရက္ခိုင်ပြည်သူတွေရဲ့ ဆန္ဒ
ဆိုတော့ ရက္ခိုင်ပြည်သူတွေရဲ့ ဆန္ဒကဘာတွေလဲဆိုတာကို ကြည့်ရအောင်ပါ။ ဒီအချက်ကတော့ ရှင်းပါတယ်။ ရက္ခိုင်ပြည်သူတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်က လွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အချုပ်အခြာအာဏာ သို့မဟုတ် ကွန်ဖက်ဒရိတ်ဖြစ်ပါတယ်။ ဒါကြောင့်နှစ်ပေါင်း ၂၄၀ ကျော် မက်လာခဲ့ကြတဲ့ ရက္ခိုင်ပြည်သူတို့ဟာ ဒီနေ့မှာ အာရက္ခပြည်သစ်တည်ဆောက်နေကြပါပြီ။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ခြေမတကုတ်စာကလွဲရင် ကျန်ဒေသတွေမှာ ဗမာ အုပ်ချုပ်ရေးနဲ့ ပြည်ထောင်စု အလံလည်း မရှိတော့ပါ။ လေကြောင်းအန္တရာယ်တခုကလွဲပြီး မြို့နယ်ပေါင်း ၁၅ ခုထဲမှာ အာရက္ခဒေသနေပြည်သူ တွေဟာ လွတ်လပ်စွာသွားလာပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တယားကို ရှိနေတဲ့ လူသားရင်းမြစ်တွေနဲ့ တည်ဆောက် ထားကြပါပြီ။
ဒီနေ့ ရက္ခိုင်ပြည်နဲ့ ပြည်နယ်နေ့
ဒါကြောင့် ဒီနေ့ အာရက္ခပြည်မှာ ရခိုင်ပြည်နယ်နေ့ဆိုတာ မရှိတော့သလို၊ ပြည်နယ်နေ့ဟာ အလေးထား ပျော်ပါး ဂုဏ်ယူစရာမဟုတ်တော့ပါ။ ခေတ်အဆက်ဆက် စစ်အာဏာရှင်ရဲ့ ပျားရည်နဲ့ ဝမ်းချတဲ့ ပြည်နေ့အတုကို မက်မောနေသူတွေကတော့ အာဏာရှင် ဒေါက်တိုင်အုပ်စုပဲဖြစ်မှာပါ။
နောက်တချက်က ဒီလအတွင်းမှာဘဲ စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ အာရက္ခဒေသက သူတို့လက်လွှတ် ပေးခဲ့ရတဲ့ မြို့ရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆေက်အအုံ၊ စစ်ဘေးရှောင်စခန်း၊ လူနေရွာတွေကို လေကြောင်း မိစ္ဆာအားကိုးနဲ့ ဗုံးကြဲနေပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာဘဲ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို အကြမ်းဖက် ဗုံးကြဲတို က်ခိုက်ခဲ့တာကြောင့် မြို့နယ်အနှံ့က လာရောက် ဆေးကုသမှုခံယူနေကြတဲ့ အရပ်သားပြည်သူ လူနာ၊ လူနာစောင့် ကလေး သူငယ်အပါဝင် လူပေါင်း ၃၃ ဦး သေဆုံးပြီး ၇၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီလို အပြစ်မဲ့အရပ်သား ၁၁၀ ကျော်ကို အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ကို လူသားမျိုးနွယ်စုအပေါ် စစ်ရာဇ ဝတ်မှု ကျူးလွန်တယ်ဆိုပြီး ကုလသမဂ္ဂအပါဝင် နိုင်ငံတကာနဲ့ အဖွဲ့အစည်းပေါင်းစုံက ကွန့်ကွက် ရှုတ်ချနေကြပါ တယ်။
ဒါကြောင့် ဒီနေ့ ဒီဇင်ဘာ ၁၅ ရခိုင်ပြည်နယ်နေ့ကို အနှစ်သာရရှိရှိ ပြုလုပ်ပေးနေတယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ အကြောင်းပြချက်ဟာ မြောက်ဦးဗုံးကြဲမှုဖြစ်စဉ်ကို အောင်ပွဲခံနေတာလို့ ဆိုရမှာပါ။
ဒါကို ရက္ခိုင်လူမျိုးတဦးဖြစ်ပြီးတော့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့မှာ ပွဲတော်လုပ်ပြီး ပျော်နေမှာလား။ ရက္ခိုင်အမည်ခံ အနုပညာရှင် တချို့ကလည်း စစ်အာဏာရှင်ပေးတဲ့ အခကြေးငွေနဲ့ ကခုန်ပျော်မွေ့ နေသလား။ တွေးတောစရာဖြစ်နေမှာပါ။ စစ်တွေ၊ ကျောက်ဖြူ ပြည်နယ်နေ့ ပျော်ပွဲရွှင်ပွဲနဲ့ မြောက်ဦးမျက်ရည်စက်တွေဟာ ဆန့်ကျင်ဘက်မှာ ရှိနေပါတယ်။
ဆိုတော့ အာရက္ခပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေသူ စစ်အာဏာရှင်လုပ်ပေးတဲ့ ပြည်နယ်နေ့ဟာ ဂုဏ်ယူစရာလားလို့ မေးခွန်းထုတ်ရင်း ဒီဆွေးနွေးချက်ကို အဆုံးသတ်လိုက်ပါရစေခင်ဗျား။