
AB News – ဇန်နဝါရီ ၂၅၊ ၂၀၂၆
အောင်စိုး
ရက္ခိုင်တွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇန်နဝါရီလအတွင်း စစ်သုံ့ပန်းမိသားစုအပါအဝင် ဒေသခံပြည်သူ စုစုပေါင်း ၆၂ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိလာနေကြောင်း AB News ၏ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ကောက်ယူထားသည့် စာရင်းများအရ ဒရုန်းအပါအဝင် ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြည်သူ ၂၅ ဦးရှိပြီး ၃၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့၊ နေ့လည် ၁ နာရီနီးပါးအချိန်တွင် စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလုံနေသည့် စာသင်ကျောင်းကို အသေခံဒရုန်းဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ထိုဒရုန်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတွင် နေထိုင်သည့် စစ်ဘေးရှောင်ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် အပါအဝင် စစ်ရှောင်ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ULA/AA က ပြောသည်။
သေဆုံးသူများမှာ ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာမှ ဒေါ်ဖြူနုမ (၈၁ နှစ်)နှင့် ဦးမှဲဒေါင်း (၅၆နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ စိုင်ခြုံဒွိန်ကျေးရွာမှ မောင်အေးမင်းခိုင် (၉လ)၊ ဒေါ်ခင်ဆန်းဝင်း (၃၄ နှစ်)၊ သိုင်းချောင်းကျေးရွာမှ ဒေါ်မမြရင် (၅၆ နှစ်)၊ ဇိုင်ချောင်းကျေးရွာမှ ဒေါ်ဘနုမ (၆၇ နှစ်) နှင့် ဦးမောင်ကျော် (၆၃ နှစ်) တို့ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီ၊ ၃၅ မိနစ်အချိန်တွင် ဇင်ချောင်းကုန်းဘွေကျေးရွာ၊ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမထက် ရွှေရက္ခိုင်ကားဂိတ်အနီးသို့ စစ်ကော်မရှင်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ကုန်းဘောင်ကြီးကျေးရွာမှ အသက် ၃၄ နှစ်အရွယ် ကုလားချေ (ခ) ဦးမင်းသက်ထွန်း နှင့် အသက် ၂၄ နှစ်အရွယ် မပန်းအိစံ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ညနေ ၇ နာရီကျော်အချိန်တွင် ကျောက်တော်-ပုဏ္ဏားကျွန်းအစပ် ချောင်းတူကျေးရွာအနီးရှိ မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် သုံ့ပန်းများကို ထိန်းသိမ်းထားသည့် နေရာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနှင့် ပေါင် ၃၀၀ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် လသားအရွယ် ကလေးငယ်များအပါအဝင် စစ်သုံ့ပန်းမိသားစုဝင် ၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေးကျေးရွာအနီးကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
သေဆုံးသွားသည့် အမျိုးသမီး ၂ ဦးမှာ ကျောက်ဖြူမြို့နယ် ပြဒါးတောင်ကျေးရွာမှ အသက် ၄၃ နှစ်အရွယ် မစန်းရွှေ နှင့် မင်းတပ်တောင်ကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ဒေါ် ခင်စန်းဦး တို့ ဖြစ်သည်။
အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တို့ကြား စစ်ရေးပြင်းထန်နေသည့် ကျောက်ဖြူတွင် စစ်ကော်မရှင်ဘက်မှ စစ်ရှောင်များနေရာကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာသောကြောင့် စစ်ရှောင်ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေရကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။
“ခုတလော စစ်ရှောင်နေတဲ့ နေရာတွေကို ဒရုန်းတွေနဲ့ ဗုံးလိုက်ကြဲနေတော့ ကျနော်တို့လည်း တော်တော် စိုးရိမ်နေရပါတယ်။ မတတ်သာလို့သာ ဒီလိုနေရာမှာ နေရတာပါ။ ဘယ်လိုမှ လုံခြုံမှု မရှိတော့ပါဘူး။ ဘယ်နေ့ဗုံးလာကြဲမလဲဆိုတဲ့ အတွေးတွေပဲ ဝင်နေပါတယ်” ဟု ကျောက်ဖြူမြို့နယ်တွင် စစ်ရှောင်နေသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အပြည်ပြည်ဆိုင်ရာ (Geneva Convention)အရ တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသများတွင် စစ်ရေးနှင့်မသက်ဆိုင်သည့် ဘာသာရေးအဆောက်အဦး၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံ/ခန်းများနှင့် ပြည်သူများနေထိုင်သည့် နေရာများကို ပစ်မှတ်ထားမတိုက်ခိုက်ရန် တားမြစ်ထားသော်လည်း စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ စစ်ရေးပစ်မှတ်ထားကာ တိုက်ခိုက်နေသောကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု မြှင့်တက်လျက်ရှကြောင်း သိရသည်။
လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက “စကမက အပြစ်မဲ့ပြည်သူတွေ၊ စစ်သုံးပန်းတွေနဲ့ အခြေခံအဆောက် အဦးတွေကို ဦးတည်ပြီးတိုက်ခိုက်နေတာတာဟာ Geneva Conventationကို တိုက်ရိုက်ချိုးဖောက်နေတာ။ စကမအနေနဲ့ အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ရမဲ့အစား လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေတာက သူ့အာဏာအတွက် ပြည်သူတွေအသက်ကို လက်နက်တစ်ခုလို အသုံးပြုနေတယ်လို့ မြင်တယ်။ အခု ရွေးကောက်ပွဲတွေ လုပ်နေတာလည်း အသွင်ကူးပြောင်းတာလောက်ပဲဖြစ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆက်ပြီးရှိနေဖို့လို့ ထင်တယ်” ဟု ဆိုသည်။
စစ်ကော်မရှင်မှ ရက္ခိုင်ဒေသကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြုရန် အာရက္ခတပ်တော်က တရားဝင်ထုတ်ပြန် ကြေညာထားသည်။